၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များ၏ ရင်တွင်းစကားသံများ

 

တွေ့ဆုံမေးမြန်း
အာကာလင်း
ညိမ်းသူ (သတင်းစဉ်)

ရန်ကုန်  အောက်တိုဘာ  ၂၉
ပြန်ကြားရေးဝန်ကြီးဌာန  အမျိုးသားစာပေဆုစိစစ် ရွေးချယ်ရေးကော်မတီက    ပြည်ထောင်စုသမ္မတ နိုင်ငံတော်တွင်  မြန်မာစာပေအကျိုးကို  ထူးချွန်အားထုတ်ရေးသား ပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က  အသိအမှတ်ပြုသောအားဖြင့် ၂၀၂၁ ခုနှစ်အတွက်  အမျိုးသားစာပေတစ်သက်တာဆုများကို   ထုတ်ပြန်ကြေညာခဲ့ရာ   အဆိုပါ  အမျိုးသားစာပေတစ်သက်တာဆုရရှိသူ သုံးဦးနှင့်  မြန်မာ့အလင်းမှ တွေ့ဆုံမေးမြန်းခဲ့မှုများကို ဖော်ပြအပ်ပါသည် -                            
ဦးမြတ်သူ(တက္ကသိုလ်မြတ်သူ)
အမျိုးသားစာပေတစ်သက်တာဆုရှင်
အမျိုးသားစာပေတစ်သက်တာဆုဟာ   စာရေး ဆရာတွေအားလုံးရဲ့    အန္တိမရည်မှန်းချက်ကြီးပါပဲ။ ဒီဆုကို ရပြီဆိုတော့ ဝမ်းသာဂုဏ်ယူပါတယ်။  ဒီဆု ချီးမြှင့်တဲ့အတွက်   နိုင်ငံတော်ကိုရော ပြန်ကြားရေး ဝန်ကြီးဌာနကိုရော နောက်စာပေစိစစ်အကဲဖြတ်တဲ့ ပုဂ္ဂိုလ်တွေရော   အကုန်လုံးကို  ကျေးဇူးတင်ပါတယ်။ အထူးသဖြင့်တော့  စာပေတွေကို  ဖတ်ရှုအားပေးလာ တဲ့     စာဖတ်ပရိသတ်ပြည်သူတွေကို    အများကြီး ကျေးဇူးတင်တယ်။ သူတို့ မြှောက်စားလို့ ကျွန်တော် တို့ ဒီအဆင့်ရောက်တာပါ။ ကျွန်တော်အခု အသက် ၉၂ နှစ်ထဲမှာ စာရေးသက်က ၇၇ နှစ်၊ ၁၉၅၇ ခုနှစ် ဇွန်လမှာ   ပြည်တော်စိုးသတင်းစာကို   သတင်း ထောက်အဖြစ်နဲ့   စဝင်လိုက်တာ    ပြည်တော်စိုး၊ ခေတ်သစ်၊ အိုးဝေ၊ အမျိုးသား၊ ဗိုလ်တထောင်၊ မြန်မာ့ အလင်း၊   ဟံသာဝတီ၊   ကြေးမုံသတင်းစာတွေမှာ သတင်းထောက်ကနေ အယ်ဒီတာ၊ ဒုတိယအယ်ဒီတာ ချုပ်၊  အယ်ဒီတာချုပ်အထိ လုပ်ခဲ့ပါတယ်။ အဲဒီက အငြိမ်းစားယူပြီး သွေးသောက်၊ မြဝတီတို့ငွေတာရီ၊ ရှုမဝ၊ စုံထောက်၊ ပဒေသာ၊နဝဒေး၊ မဂ္ဂဇင်းတွေမှာ ကဗျာအပုဒ်ရေ ၃၀၀ ကျော်ရေးခဲ့ပါတယ်၊ ၁၉၉၅ ခုနှစ်က   ကျွန်တော့်ကဗျာ  ၇၅  ပုဒ်စုထုတ်တာနဲ့ ရွှေစောင်းသံကဗျာများနဲ့ အမျိုးသားစာပေဆု  စရ တယ်။  စာနယ်ဇင်းတွေ၊ မဂ္ဂဇင်းတွေ၊  ဝတ္ထု၊စာပေ၊ ရသစာပေ၊   သုတစာပေ   သတင်းစာပေတွေ အကုန် လုံးက   ပြည်သူတွေကို   အထောက်အကူပြုကြတဲ့ အရာတွေပါ ဟုပြောကြားသည်။ ဆရာကြီး ဦးမြတ်သူ (တက္ကသိုလ် မြတ်သူ) ကို  ၁၉၃၁ခုနှစ်တွင် မြင်းခြံမြို့ ကွေ့ကြီးရပ်ကွက်၌ အဖ ဦးကံညွန့်-အမိ ဒေါ်မြဇင်တို့ က မွေးဖွားခဲ့သည်။ ၁၉၄၆ ခုနှစ်ကစပြီး ကဗျာရေးသား ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် အမျိုးသားစာပေဆု၊ ၁၉၉၇ ခုနှစ်တွင် တိုင်းကျိုး ပြည်ပြုဆောင်းပါးရှင်ဆု၊ ၂၀၀၇ ခုနှစ်တွင် လူမှုထူးချွန် (ဒုတိယအဆင့်)၊ ၂၀၁၂ ခုနှစ် တွင် စည်သူဘွဲ့၊ ၂၀၂၂ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့၊ ၂၀၁၈ ခုနှစ်တွင်ပခုက္ကူ ဦးအုန်းဖေ တစ်သက်တာ စာပေဆုနှင့် ၂၀၂၁  ခုနှစ်အတွက်  အမျိုးသားစာပေ တစ်သက်တာဆုများကို ချီးမြှင့်ခံခဲ့ရသည်။
ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)
အမျိုးသားစာပေတစ်သက်တာဆုရှင်
ဒီအမျိုးသားစာပေတစ်သက်တာဆု   ဆိုတာ ကတော့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အခုအချိန်မှာ ပေးတဲ့   စာပေဆုတွေထဲမှာ   အမြင့်ဆုံးဆုဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အတိုင်းမသိဝမ်းသာပီတိဖြစ် ရပါတယ်။    ကျွန်တော့်အနေနဲ့   စာပေလောကမှာ ကျွန်တော့်အသက်  ၁၃ နှစ်၊   ၁၄ နှစ်  အရွယ်က စပြီးတော့   ကဗျာတွေ   ရေးတယ်။   ဝတ္ထုတွေ  ရေး တယ်။   ဆောင်းပါးတွေ  ရေးခဲ့တယ်။   အများဆုံး ကတော့ ကဗျာရေးပါတယ်။ အခုထိရေးနေတုန်းပါ။ ဒီအတောအတွင်းမှာ ရေးခဲ့တဲ့ ကဗျာပုဒ်ရေ ၂၀၀၀  ဝန်းကျင်ရှိပါတယ်။ ကဗျာပေါင်းချုပ် စာအုပ်အနေနဲ့ ရှစ်အုပ်ထုတ်ခဲ့ပါတယ်။   ကဗျာရေးနည်းစာအုပ် ကဗျာစပ်ပုံစပ်နည်းစုံဆိုတဲ့  စာအုပ်တစ်အုပ်လည်း ခုနစ်ကြိမ်လောက်ပြန်ပြီးတော့ ထုတ်ခဲ့ရပါတယ်။ ကျွန်တော်တို့ကလူငယ်လူရွယ်တွေရဲ့ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ လူငယ်လူရွယ်တွေတိုင်းချစ်ပြည် ချစ်စိတ်ရှိလာအောင်၊ ကိုယ့်နိုင်ငံကို ချစ်ခင်မြတ်နိုးပြီး ဖွံ့ဖြိုးတိုးတက်လာစေအောင် ဆောင်ရွက်တဲ့အထဲမှာ ကိုယ်လည်းတစ်တပ်တစ်အား ပါဝင်လိုတဲ့ စိတ်ဓာတ် တွေ ဖြစ်ပေါ်လာအောင် ကျွန်တော်တို့စာရေးဆရာ တွေ၊   ကဗျာဆရာတွေက  မိမိတို့   ကျွမ်းကျင်ရာ ဘာသာရပ်နဲ့  တိုက်တွန်းနှိုးဆော် အားပေးသင့်တယ် လို့ထင်ပါတယ်ဟု ပြောကြားသည်။ 
ဆရာကြီး ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)ကိုစစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့၌ အဖ ဦးထွန်း ဉာဏ်- အမိ ဒေါ်တင်လှတို့က ၁၉၅၂ ခုနှစ်တွင် မွေးဖွား ခဲ့သည်။ စာပေလောကသို့ ၁၉၆၅ ခုနှစ်က စတင် ဝင်ရောက်ခဲ့ပြီး ၁၉၆၇ ခုနှစ်၊ မေလထုတ် ရှေ့ဆောင် လူငယ် ဂျာနယ်ကဗျာပြိုင်ပွဲ၊ ဒုတိယဆုရ အလုပ် သမားကဗျာသည် ပထမဆုံး ပုံနှိပ်ဖော်ပြခြင်းခံရသော စာမူဖြစ်သည်။ ဆရာကြီးသည် ၁၉၈၁ ခုနှစ်တွင် သံလွင်ကမ်းမှ ပန်းအိပ်မက်စာအုပ်၊ ၁၉၉၁ ခုနှစ်တွင် နာဂတောင်တန်းပွင့်တဲ့ပန်းစာအုပ်၊ ၁၉၉၈ ခုနှစ်တွင် ခယောင်းလမ်းနှင့်ပန်းသပြေစာအုပ်၊၂၀၀၁ ခုနှစ်တွင် နွေမိုးဖျန်းပက် ပန်းတစ်ခက်စာအုပ်၊ ၂၀၀၃ ခုနှစ်တွင် လောကနီတိကဗျာများစာအုပ်၊၂၀၀၆ ခုနှစ်တွင် ဘဝကျောင်းမှ     စောင်းခတ်သံကဗျာများစာအုပ်၊ ၂၀၁၀ ပြည့်နှစ်တွင် အလွမ်းသတင်း  ပန်းတစ်ခင်း ကဗျာများ   စာအုပ်တို့ဖြင့်   အမျိုးသားစာပေဆု ခုနစ်ကြိမ်ချီးမြှင့်ခံခဲ့ရသည်။ ယခုအခါ ဆရာကြီးသည် မြန်မာနိုင်ငံ    စာရေးဆရာအသင်းနှင့်   မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့တွင်      ဥက္ကဋ္ဌတာဝန်၊ မြန်မာနိုင်ငံစာကြည့်တိုက်များ   ဖောင်ဒေးရှင်းတွင် ဒုတိယ ဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်လျက်ရှိပြီး ၎င်းရေးသားခဲ့သော ကဗျာပုဒ်ရေ ၇၀၀ ကျော်ခန့်ကို အသံလွှင့်ဟောပြော   ရိုက်ကူးခြင်းများပြုလုပ်ခဲ့ပြီး ဆက်လက်၍လည်း ပြုလုပ်နေဆဲဖြစ်သည်။
ဒေါက်တာမျိုးသန့်တင် 
အမျိုးသားစာပေတစ်သက်တာဆုရှင်
၂၀၂၁  ခုနှစ်အတွက်  အမျိုးသားတစ်သက်တာ စာပေဆု ချီးမြှင့်ခံခဲ့ရတဲ့အတွက် အခုရတဲ့ အမျိုးသား စာပေ   တစ်သက်တာဆုဟာ   ကျွန်တော့်အတွက် အမြင့်ဆုံးနဲ့      ဘဝနဲ့ယှဉ်ပြီးပြောရလောက်တဲ့ အလေးစား တန်ဖိုးထားဆုံးဆုလို့ပြောရမှာပါ။  အခု ရရှိတဲ့  အမျိုးသားစာပေတစ်သက်တာဆုဟာ  မိမိ ကြိုးပမ်းအားထုတ်ခဲ့တဲ့  အဆီအနှစ်တွေကို   အသိ အမှတ်ပြု         ဂုဏ်ပြုတာဖြစ်တဲ့အတွက်    အထူး ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ နိုင်ငံတော်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံခြားမှာ ရရှိခဲ့တဲ့ ပါရဂူဘွဲ့နဲ့ မြန်မာနိုင်ငံမှာ လုပ်ဆောင်နိုင်တာ လုပ်မယ်ဆိုတဲ့ စိတ်နဲ့စာပေနဲ့ မြန်မာ့သိပ္ပံပညာကို ဖော်ထုတ်ခဲ့တယ်။ ၁၆ရာစုနှစ်ဝန်းကျင်မှာအိန္ဒိယနဲ့ တရုတ်နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ သိပ္ပံနဲ့ပတ်သက်တဲ့ တီထွင်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့်  အဲ့ဒီနှစ်နိုင်ငံ ကြားမှာ တည်ရှိပြီး နှစ်ပေါင်း ထောင်ကျော်သက်တမ်း ရှိခဲ့တဲ့ ကျွန်တော်တို့နိုင်ငံဟာ သူတို့လိုပဲ သိပ္ပံပညာ ရှင်တွေရှိရမယ်ဆိုတဲ့  အတွေးနဲ့ ဝါသနာပါတဲ့ မြန်မာ့ သိပ္ပံသမိုင်းကို ဆက်ပြီးဖော်ထုတ်မှုဟာ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှုအပေါ် ဂုဏ်ယူမိပါတယ်။ ငယ်ငယ် ကတည်းက သိပ္ပံပညာရှင်ဖြစ်ချင်တဲ့ စိတ်ကူးရှိခဲ့တာ ကြောင့် ကျွန်တော့်ဖော်မြူလာတွေကို အသိအမှတ်ပြု တယ်ဆိုတော့ သိပ္ပံပညာရှင်လေး အညှောက်ပေါက်ပြီ လို့ဆိုရမှာပါ။ ကျွန်တော်အနေနဲ့ ကိုယ်နိုင်ငံ အကျိုးရှိ စေပြီး မြန်မာ့သိပ္ပံပညာနဲ့လိုက်လျောညီထွေ ဖြစ်စေ တဲ့ “စဉ့်” နည်းပညာကို  ထုတ်ဖော်လုပ်ဆောင်နိုင် ခဲ့ပါတယ်။ ပုဂံခေတ်ကတည်းက ရှိတဲ့ “စဉ့်” နည်း ပညာကို မြန်မာ့သိပ္ပံသမိုင်းကို လိုက်ရင်းနဲ့ လေထုနဲ့ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိတဲ့ နည်းပညာ အဖြစ် လုပ်ဆောင်နိုင်မှုကြောင့် “စဉ့်”အသင်းကို လည်း  တည်ထောင်နိုင်ခဲ့တယ်။ သတင်းစာ၊ ဂျာနယ် တွေမှာ ရေးသားခဲ့တဲ့ ဆောင်းပါး ပုဒ်ရေ ၁၀၀၀ ကျော်မှာ   ဘာသာရပ်အလိုက်ထုတ်ပြီး    စုစည်း ထုတ်ဝေခဲ့တဲ့ စာအုပ် ၂၀နီးပါးရှိပါတယ်ဟု ပြောကြား သည်။
ဆရာကြီး ဒေါက်တာမျိုးသန့်တင်သည် ၁၉၆၅-၆၆ ခုနှစ်  ရန်ကုန်တက္ကသိုလ်မှ  ဓာတုအင်ဂျင်နီယာ ဘွဲ့ရခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် အင်္ဂလန်နိုင်ငံလပ်ဘရာ စက်မှုတက္ကသိုလ်တွင်    ဓာတုအင်ဂျင်နီယာ     ပါရဂူ ဘွဲ့ရခဲ့သည်။   ဆက်လက်၍   ၁၉၈၈   ခုနှစ်တွင် အမေရိကန်နိုင်ငံ ကော်နယ်တက္ကသိုလ်တွင် အင်ဇိုင်း ပညာရပ်ကို    တစ်နှစ်တာသုတေသနပြုခဲ့သည်။ ထို့နောက် ၁၉၈၃ ခုနှစ်တွင် နိုင်ငံတော်က ပေးအပ် ချီးမြှင့်သည့် စက်မှုစီးပွားထူးချွန်တံဆိပ်  (တတိယ အဆင့်)၊ ၁၉၈၁ ခုနှစ်တွင် စက်မှုသီးနှံ ပီလောပီနံ စာအုပ်ဖြင့်  စာပေဗိမာန်စာမူဆု  (သိပ္ပံနှင့်အသုံးချ သိပ္ပံပညာရပ်)    ဒုတိယဆု၊   ၁၉၈၄    ခုနှစ်တွင်  ကုန်းဘောင်ခေတ်မြန်မာ့သိပ္ပံပညာရှင်များ စာအုပ် ဖြင့် အမျိုးသားစာပေဆု၊ ၁၉၈၇ ခုနှစ်တွင် ရှေးခေတ် မြန်မာသိပ္ပံကျမ်းများစာအုပ်ဖြင့် အမျိုးသားစာပေဆု၊ ၂၀၂၂ ခုနှစ်တွင်  ပခုက္ကူဦးအုန်းဖေ   တစ်သက်တာ စာပေဆုနှင့် ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုများကို ရရှိခဲ့သည်။ 
ဓာတ်ပုံ - တင်စိုး
ကနူး