
နေပြည်တော် ဒီဇင်ဘာ ၂၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၃၂)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဖွင့်ပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက နိုင်ငံတစ်နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် အတွက် သုတေသနနှင့် ပညာရေး (Research & Education) ဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သစ်တောသယံဇာတများ ရေရှည်တည်တံ့စွာ စီမံအုပ်ချုပ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သတ္တုသယံဇာတများကို ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ စနစ်တကျထုတ်ယူသုံးစွဲပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရေးတို့ကို အဓိကတာဝန်ယူဆောင်ရွက်ရသည့် ဌာနဖြစ်ပါကြောင်း၊ ဟန်ချက်ညီညီရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် ဖြေရှင်းဆောင်ရွက်ရမည့် ပြဿနာ၊ အခက်အခဲ၊ စိန်ခေါ်မှုများစွာရှိပါကြောင်း။
သစ်တောပြုန်းတီးခြင်း၊ သစ်တောအတန်းအစားကျဆင်းခြင်းနှင့် မြေအသုံးချမှု ပြောင်းလဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ လူမှုစီးပွားရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များ၊ ရေအရည်အသွေးနှင့် ရေသယံဇာတရှားပါးမှု ပြဿနာများ၊ ထင်းလောင်စာ စွမ်းအင်လိုအပ်ချက်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ပျောက်ကွယ်လာမှု၊ သဲကန္တာရ ဖြစ်ထွန်းမှုစသည့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ချဉ်းကပ်မှုပုံစံသစ်များနှင့် သုတေသနပြု ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထိုသို့ဖြေရှင်းနိုင်ရန်အတွက် အသုံးချ သုတေသန (Applied Research) ကဏ္ဍသည် အလွန်ပင် အရေးကြီးပါကြောင်း။
သုတေသန၏ အနှစ်သာရသည် အရည်အသွေးမီသည့် အသုံးချ သုတေသန ရလဒ်များ ထွက်ပေါ်လာရန်ဖြစ်ပါကြောင်း၊ သုတေသနလုပ်ငန်းများသည် ကမ္ဘာ့အဆင့်မီ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် အဖွဲ့အစည်းဆိုင်ရာတောင့်တင်း ခိုင်မာရေး၊ အရည်အသွေးပြည့်မီသည့် သုတေသီအင်အား လုံလောက်ရေး၊ သုတေသီများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ သုတေသနရန်ပုံငွေ လုံလောက်စွာ ရရှိစေရေးတို့ကို အလေးထားစဉ်းစားပြီး ဖြည့်ဆည်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ ပုဂ္ဂလိကအပါအဝင် ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယခုအခါ ဒုတိယဝန်ကြီး ဦးဆောင်သည့် “သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနအကြံပေးကော်မတီ” ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါ ကြောင်း။
ယနေ့ သုတေသနစာတမ်းဖတ်ပွဲတွင် သစ်တော၊ သတ္တု၊ ပတ်ဝန်းကျင် ကဏ္ဍနှင့် သက်ဆိုင်သည့် သုတေသနစာတမ်း စုစုပေါင်း ၅၂ စောင်ကို Session သုံးခုခွဲပြီး နှစ်ရက်ကြာ ဖတ်ကြားတင်သွင်းမည်ဖြစ်ကြောင်း၊ သစ်တောသုတေသန ဌာနမှ သုတေသီများ၏ စာတမ်းများသာမကဘဲ ပြည်ပနိုင်ငံ တက္ကသိုလ် အသီးသီးမှာ ပညာသင်ကြားပြီး ပြန်လည်ရောက်ရှိလာသည့် မဟာသိပ္ပံဘွဲ့နှင့် ပါရဂူဘွဲ့ရဝန်ထမ်းများ၏ ဘွဲ့ယူစာတမ်းများကိုလည်း ယင်းစာတမ်းဖတ်ပွဲတွင် ထည့်သွင်းဖတ်ကြားမည်ဖြစ်ကြောင်း၊ သုတေသနလေ့လာတွေ့ရှိချက်များကိုလည်း မူဝါဒချမှတ်သူများ၊ ဆုံးဖြတ်ချက်ချမှတ်သူများ၊ ပညာရေးနှင့် သုတေသန နယ်ပယ်မှ ပုဂ္ဂိုလ်များအပါအဝင် ဆက်စပ်ပတ်သက်သူအားလုံး လေ့လာဖတ်ရှု နိုင်ရန်အတွက် ပြည်တွင်း/ ပြည်ပ သုတေသနဂျာနယ်များ၊ ပညာရပ်ဆိုင်ရာ သတင်းစာစဉ်များမှ တစ်ဆင့်ဖြစ်စေ၊ website များမှတစ်ဆင့်ဖြစ်စေ ဆက်လက် ဖြန့်ဝေပေးသွားရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
ယနေ့ တင်သွင်းဖတ်ကြားမည့် စာတမ်းများအပေါ် အွန်လိုင်းမှ ပါဝင် တက်ရောက်လာသည့် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်ရေးနယ်ပယ်မှ ပညာရှင်များ၊ သုတေသီများနှင့် စိတ်ပါဝင်စားသူများအနေဖြင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးရန်လည်း မေတ္တာရပ်ခံလိုပါကြောင်း၊ စာတမ်းဖတ်ကြားသည့် သုတေသီများကလည်း ယနေ့ ဆွေးနွေးအကြံပြုချက်များအပေါ်အခြေခံပြီး ဆက်လက်ဆောင်ရွက်ရမည့် သုတေသနလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ရန် နှင့် မိမိတို့၏အရည်ချင်းကို ကြိုးစားမြှင့်တင်ပြီး အရည်အသွေးပြည့်မီသည့် သုတေသနစာတမ်းများ ထွက်ပေါ်လာအောင် ကြိုးပမ်းအားထုတ်ကြရန်၊ သို့မှသာ မြန်မာနိုင်ငံ၏ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းများသည် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ Key Note Speaker များအဖြစ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ECCDI အဖွဲ့ ဥက္ကဋ္ဌ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်တင့်၊ The Nature Conservancy မှ Myanmar Program Director ဒေါက်တာတင့်လွင်သောင်းတို့က သစ်တောနှင့် ရာသီဥတုပြောင်းလဲခြင်း၊ သစ်တောသုတေသနနောက်ခံသမိုင်း၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိသော သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သင့်သော သုတေသနဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြား ကြသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် အရာထမ်းများ ပါဝင် တက်ရောက်ကြပြီး အငြိမ်းစားသစ်တောအရာရှိကြီးများ၊ ပြည်နယ်/ တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သစ်တောပညာ ရှင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ NGO/ INGO မှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်များနှင့် သုတေသီများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ယင်းစာတမ်းဖတ်ပွဲတွင် ဘာသာရပ် စာတမ်းပေါင်း ၅၂ စောင် ဖတ်ကြား မည်ဖြစ်ပြီး သစ်တောပညာရပ်ဆိုင်ရာ သုတေသနစာတမ်းများကို Session 1 တွင်လည်းကောင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သစ်အသုံးချ ခြင်းဆိုင်ရာ သုတေသနစာတမ်းများကို Session 2 တွင်လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သတ္တုကဏ္ဍဆိုင်ရာ သုတေသနစာတမ်းများကို Session 3 တွင်လည်းကောင်း တစ်ပြိုင်နက် ဖတ်ကြားကြမည်ဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် Zoom Application ID နှင့် Pass Code များရယူပြီး တက်ရောက်နိုင်ကြောင်း သိရသည်။ သတင်းစဉ်