ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာတွင် သေဆုံးဒဏ်ရာရသည့် ဇာတ်အဖွဲ့သားများအား မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို ) မှ ထောက်ပံ့ကူညီမည်

 

ရန်ကုန်   အောက်တိုဘာ   ၇


မွန်ပြည်နယ်မှ ပွင့်နေခြည်ဇာတ်အဖွဲ့သူအဖွဲ့သားများ စီးနင်းလိုက်ပါ သည့် မော်တော်ယဉ်သည် အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီ  ခန့် တွင် မြဝတီ - ကော့ကရိတ်သွား  အာရှလမ်းမကြီးရှိ ကွမ်းခြံကုန်းကွေ့ ၌    ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။    ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါအမျိုးသားငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။

 


အခင်းဖြစ်ပွားရာနေရာသို့   မြဝတီခရိုင်မီးသတ်စခန်းမှ    ရှာဖွေ ကယ်ဆယ်ရေးယာဉ်တစ်စီး  ညီနောင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်တစ်စီးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ကြပြီး သေဆုံးနှင့်ဒဏ်ရာရရှိကြသူများအား မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း ( မြဝတီ )  လူနာတင်ယာဉ်များဖြင့်မြဝတီ ခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးသည် ။

 


မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို ) မှ အတွင်းရေးမှူး ဦးနေဝင်း က    “ယာဉ်တိမ်းမှောက်မှုကြောင့်     အနုပညာရှင်စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ပြီး ၂၃ ဦး   ပြင်းထန်စွာ  ဒဏ်ရာရရှိခဲ့ပါတယ်။   ဒဏ်ရာရ လူနာများကို အောက်တိုဘာ ၆ ရက်မှာ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ပြောင်းရွှေ့ပြီး ဆေးကုသမှုခံယူလျက်ရှိပါတယ်။  သေဆုံးသူများကို ဒီနေ့ ( အောက်တိုဘာ ၇ ရက် ) နေ့မှာ ကောင်းမွန်စွာသင်္ဂြိုဟ်ပေးခဲ့ပါ တယ်။ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို ) မှ သေဆုံးထိခိုက်ဒဏ်ရာ ရသူများကို ငွေကြေးထောက်ပံ့ကူညီပေးသွားပါ့မယ်။ အလှူရှင်များရဲ့လှူဒါန်းငွေများကိုလည်း ပေးပို့သွားပါ့မယ်” ဟု ပြောကြားသည်။

 


ယာဉ်တိမ်းမှောက်မှုဖြစ်ပွားစဉ်က    အခင်းဖြစ်ပွားရာနေရာသို့ မွန်ပြည်နယ် ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တို့မှ သဘင်အစည်းအရုံး ဥက္ကဋ္ဌနှင့်    အလုပ်အမှုဆောင်အဖွဲ့ဝင်များက   သွားရောက်ကူညီခဲ့ ကြောင်း သိရသည် ။
 

မျိုးမင်းသူရ