သထုံမြို့ အထက(၂)ကျောင်းဝင်းအတွင်း အဆောက်အအုံဆောက်ရန် မြေတူးရာမှ ရှေးဟောင်းအုတ်ခွက်ဘုရားများ တွေ့ရှိ

 

သထုံ     အောက်တိုဘာ   ၁


မွန်ပြည်နယ် သထုံမြို့ သိမ်ကုန်းရပ်ကွက် ရွှေစာရံဘုရားလမ်းရှိ အ-ထ-က(၂) ကျောင်းဝင်းအတွင်း၌ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် မြေတူးရာမှ မုဒြာပုံစံ အမျိုးမျိုးတို့ဖြင့် ရုပ်လုံးပေါ် ရှေးဟောင်း အုတ်ခွက်ဘုရားများနှင့် အကျိုးအပဲ့ စုစုပေါင်း ၂၁၀ ကျော်ကို စက်တင်ဘာ ၃၀ ရက်က  တူးဖော်တွေ့ရှိခဲ့ရ ကြောင်း သိရသည်။


 

“ကျောင်းဝင်းထဲမှာ အဆောင်သစ်ဆောက်ဖို့ မြေတူးရင်း ပေါ်လာတာပါ။ လောလောဆယ်စစ်ပြီး တာတော့ အုတ်ခွက်ဘုရား အချပ် ၂၁ဝ လောက်ရှိပြီ။ သန့်ရှင်းရေးလုပ်ဖို့ ကျန်သေးတာတွေလည်း ရှိသေး တယ်။ ဒါတွေကို ရှေးဟောင်းသုတေသနက တာဝန် ရှိသူတွေဆီ အပ်နှံမှာဖြစ်ပြီးတော့ သူတို့အစီအစဉ် အတိုင်း ဆောင်ရွက်မှာပါ” ဟု မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

 


အဆိုပါ ရှေးဟောင်းအုတ်ခွက်ဘုရားများ တွေ့ရှိ ရာသို့   သထုံခရိုင်    စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် တာဝန်ရှိသူတို့က လာရောက် ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးသည်။

 


ယခုတူးဖော်တွေ့ရှိခဲ့သည့်   အုတ်ခွက်ဘုရား များမှာ ယခင် ၂၀၁၅ ခုနှစ် ဇွန် ၁၅ ရက်၊ ဇူလိုင် ၁၅ ရက်၊ သြဂုတ် ၈ ရက်နှင့်  စက်တင်ဘာ ၁၅ ရက် တို့တွင်  စတုဘုမ္မိကမဟာသတိပဋ္ဌာန်  (ငှက်တွင်း) ကျောင်းတိုက်ဝင်းအတွင်း၌  တူးဖော်တွေ့ရှိခဲ့သည့် အုတ်ခွက်ဘုရားပေါင်း ၆၅၀ ကျော်၊  အကျိုးအပဲ့ ၉၀ဝ နီးပါးတို့နှင့် လက်ရာတူ ပုံစံတူအုတ်ခွက်ဘုရား များဖြစ်ပြီး ထိုအုတ်ခွက်ဘုရားများမှာ ပုဂံခေတ် ထက် စောနိုင်ကြောင်း၊ လက်ရာများမှာ အိန္ဒိယအရှေ့ တောင်ပိုင်း ယခုဘင်္ဂလားနယ်ထဲ၌ ထွန်းကားခဲ့သည့် (Pala-Sena Period) လက်ရာမျိုးဟု ယူဆရ ကြောင်း ရှေးဟောင်းသုတေသနပညာရှင် ဦးစံဝင်း က ထိုစဉ်က မှတ်ချက်ပြုပြောကြားထားသည်။

 


လွန်ခဲ့သောနှစ်ပေါင်း  ၄၀   ကျော်ကလည်း အ-ထ-က(၂) ကျောင်းဝင်းအတွင်း၌ အုတ်ခွက်ဘုရား ပေါင်း ၁၀ဝ၀ ကျော်ကို တူးဖော်တွေ့ရှိခဲ့ရဖူးကြောင်း၊ ဒုတိယအကြိမ်တွင်   ငှက်တွင်းကျောင်းတိုက်ဝင်း အတွင်း၌ အဆူရေ ၁၀၀၀ ကျော်၊ တတိယအကြိမ် တွင် ငှက်တွင်းကျောင်းတိုက်အနီး မြန်မာနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း၌   အဆူရေ ၂၄၀ ကျော်တွေ့ရှိခဲ့ရဖူးပြီး ယခု တူးဖော်တွေ့ရှိသော ရှေးဟောင်းအုတ်ခွက်ဘုရားများမှာ  စတုတ္ထအကြိမ်  တူးဖော်တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

နဒီ (ပြန်/ဆက်)