
ရန်ကုန် စက်တင်ဘာ ၂၇
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးကျော် စုစည်းနေထိုင်သည့် ပြည်ထောင်စုကြီးဖြစ်သည့် အတွက် စည်းစည်းလုံးလုံးဖြင့် အတူတကွလက်တွဲနေထိုင်ကြရန် အလွန်အရေးကြီးပါကြောင်း၊ စည်းလုံး ညီညွတ်မှ တိုင်းပြည်အေးချမ်းမည်၊ တိုင်းပြည်အေးချမ်းမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် နှီးနွှယ်နေသည့်အဖွဲ့အစည်းများအနေဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားရန် အလွန်အရေးကြီးပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကရင်စာပေ သင်ရိုး Grade 1, 2, 3, Online Teaching ပြီးမြောက်ခြင်း၊ Grade-4 ပြုစုခြင်းနှင့် မြန်မာနိုင်ငံ ကရင် တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များ အသင်းဖွဲ့စည်းခြင်းအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြား သည်။
ကရင်စာပေသင်ရိုး Grade 1, 2, 3, Online Teaching ပြီးမြောက်ခြင်း၊ G4 ပြုစုခြင်းနှင့် မြန်မာနိုင်ငံ ကရင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်း ရှင်များအသင်း ဖွဲ့စည်းခြင်းအခမ်းအနားကို ယမန် နေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် ဦးစောမာတင် လူသာတို့က အခမ်းအနားများ ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ် ကရင် တိုင်းရင်းသားလုပ်ငန်းရှင်များက အထွေထွေ ဆွေးနွေးခဲ့ပြီး ကရင်စာပေသင်ရိုးဖြစ်မြောက်ရေးကော်မတီ၏ ဖွဲ့စည်းပုံပြင်ဆင်ခြင်းအား ကရင်စာပေ သင်ရိုးဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး မန်းသန်းဝင်းဦးကလည်းကောင်း၊ စကောကရင် စာပေနှင့်နည်းပညာရှင် ဆရာမ နော်သွယ်လာထူးက TOT Online Teaching ဆောင်ရွက်ခြင်းအဆင့်ဆင့် ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်က မိမိတို့တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနသည် တိုင်းရင်းသားရေးရာကိစ္စရပ်များတွင် အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားရေးရာကိစ္စရပ်များ ပိုမိုထိရောက် မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသ ကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများထံ အခမ်းအနားဖြင့် တာဝန်ခွဲဝေအပ်နှင်းထားပြီး ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးသည် အလွန် အရေးကြီးလှပါကြောင်း၊ ရှမ်းပြည်နယ်သည် ငြိမ်းချမ်းသည့်အတွက် မိမိတို့ဝန်ကြီးဌာနမှ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ ၂၀၂၁ ဖြင့် ရှမ်းပြည်နယ်၊ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာစင်တာကို ယခုဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနေပါ ကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အခွင့်အရေး များ နစ်နာဆုံးရှုံးမှု မရှိစေရန်အတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး မိမိတို့ဝန်ကြီးဌာနက မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး Forum များလည်း စဉ်ဆက်မပြတ် ကျင်းပလျက်ရှိပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ကရင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ အသင်း ဖွဲ့စည်းခြင်းနှင့် ကရင်စာပေသင်ရိုး Grade- 1, 2, 3, TOT Online Teaching ပြီးမြောက်ခြင်းတို့ကို အသိအမှတ်ပြုလွှာများ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့က ကရင်စာပေသင်ရိုး ညွှန်းတမ်းများ ပြုစုရေးဆွဲနိုင်ရန်အတွက် ထောက်ပံ့ ငွေများပေးအပ်ခဲ့ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က မြန်မာနိုင်ငံ ကရင်တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များအသင်းနှင့် ကရင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို နှာခေါင်းစည်း (Mask)များ ထောက်ပံ့လှူဒါန်းသည်။ ထို့နောက် ကရင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များက အထွေထွေမေးမြန်းဆွေးနွေးရာ ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်