စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အကြမ်းဖက်သမားများက သံဃာတော်နှစ်ပါးအား “သတင်းပေး၊ ဒလန်”ဟုစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်

 

နေပြည်တော်   စက်တင်ဘာ    ၂၄


နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြားစိုးရိမ် ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်း တံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှု များပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။

 


ထိုသို့ပြုလုပ်လျက်ရှိရာတွင်   စက်တင်ဘာ ၂၃ ရက်   မွန်းတည့် ၁၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် မောက်ကြိုး ကျေးရွာရှိ    ရင်းကျောင်းဘုန်းတော်ကြီးကျောင်းမှ    ကျောင်းထိုင် ဆရာတော်  ဥူးပုညသီရိ  (၃၇)နှစ် (၁၈)ဝါသည်    ကျန်းမာရေး မကောင်းသဖြင့် မုံရွာမြို့သို့ ဆေးသွားရောက်ကုသရန်အတွက် အဆိုပါ ကျေးရွာနေ မောင်ထက်မြတ်နိုင် (၂၀)နှစ် (ဘ) ဦးမင်းစောထွေးနှင့်အတူ ဘုန်းကြီးကျောင်းပိုင်မော်တော်ယာဉ်ဖြင့် အရာတော်-မုံရွာကားလမ်း အတိုင်း    ထွက်ခွာလာခဲ့ရာ   ဝက်လက်မြို့နယ်    ရွာသာကြီးကျေးရွာ သင်္ချိုင်းအနီးအရောက်၌ PDF အကြမ်းဖက်သမား ၃၀ ခန့်က ဆရာတော် စီးနင်းလာသည့် မော်တော်ယာဉ်အား တားဆီးကာ ဆရာတော်အား “သတင်းပေး၊ ဒလန်”ဟု စွပ်စွဲ၍ ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ် နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီး မောင်ထက်မြတ်နိုင်အား ပြန်လည် စေလွှတ်ပေးခဲ့ကြောင်း သိရသည်။ 

 


အလားတူ ညနေ ၄ နာရီခန့်တွင် ကန့်ဘလူမြို့နယ် အင်္ဂါထောင့် ကျေးရွာ ရွှေအင်းဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဥူးသော ဘဏ (၅၃)နှစ် ဝါတော်(၃၃)ဝါ (ခမည်းတော်) ဦးဖိုးခွေးသည် ဘုန်းကြီး ကျောင်းအတွင်း၌ ဆရာတော်၏အစ်ကို ဖြစ်သူ ဦးညိုမောင်(၇၈)နှစ် နှင့် ဆရာတော်၏ ယာဉ်မောင်း ဦးကျော်ထွန်းဦး(၄၀)နှစ် (ဘ)ဦးဖိုးချစ် တို့နှင့်အတူ ရှိနေစဉ် ဘုန်းကြီးကျောင်းအတွင်းသို့ သေနတ်များ၊ ဓားများ ကိုင်ဆောင်ထားသည့် PDF အကြမ်းဖက်သမား ၆၀ ခန့်က ဝင်ရောက် လာပြီး ဆရာတော် ဉူးသောဘဏ၊ ဦးညိုမောင်နှင့် ဦးကျော်ထွန်းဦးတို့ သုံးဦးအား   “သတင်းပေး၊ ဒလန်”ဟုစွပ်စွဲ၍  ဖမ်းဆီးပြီး   ဘုန်းကြီး ကျောင်းပိုင် ယာဉ်အမှတ်(စိစစ်ဆဲ) KLUGER အမျိုးအစား အနက်ရောင် မော်တော်ယာဉ်ပေါ် တင်ဆောင်၍ ခေါ်ဆောင်သွားကြောင်း သိရသည်။ 

 


အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှု ကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၆ ပါးနှင့် သီလရှင်ဆရာကြီး တစ်ပါးတို့    ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး   အထက်ပါဖြစ်စဉ်များမှ PDF အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်သွားသည့် သံဃာတော်   နှစ်ပါး  ပြန်လည်ကယ်တင်နိုင်ရေး  နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက         လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ       ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။                                

သတင်းစဉ်