
နေပြည်တော် စက်တင်ဘာ ၂၃
မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)ကို ယမန်နေ့က နေပြည်တော်ဟိုတယ်ဇုန်ရှိ မန်းမြန်မာဟိုတယ်၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီနာယက တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ ဆရာကြီးဦးမြင့်ဦး၊ ဒုတိယ ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး အစည်း အဝေးသို့ ကိုယ်တိုင်မတက်ရောက်နိုင်သူများက အွန်လိုင်းမှ ပါဝင် တက်ရောက်ကြသည်။
ရှေးဦးစွာ အစည်းအဝေးပထမပိုင်းအနေဖြင့် တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နှုတ်ခွန်းဆက် သြဝါဒစကားပြောကြားရာတွင် အလုပ်ဟူသည် ဂုဏ်ဟုခံယူထားသည့်အတွက် မိမိ တို့ အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းတာဝန်များကို မိသားစုစိတ်ဓာတ် ဖြင့် ဆောင်ရွက်ပါက အမြဲတမ်းဂုဏ်ရှိနေမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေး လောက ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းတို့ ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ပါက မတိုးတက် စရာမရှိပါကြောင်း ပြောသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက တစ်ဦးချင်း မိတ်ဆက်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကာ အစည်း အဝေးပထမပိုင်းကို ရပ်နားလိုက်သည်။
ထို့နောက် အစည်းအဝေးဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ သဘာပတိ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ ဆရာကြီး ဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကောင်စီအတွင်းရေးမှူး ဆရာဦးဝင်းဇော်က အလုပ်အမှုဆောင်အဖွဲ့၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြ၍ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုကြကြောင်း သိရသည်။
ထွန်းထွန်း