
နေပြည်တော် စက်တင်ဘာ ၂၃
၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်သည့် ပညာသင်ဆု ဘွဲ့နှင်းသဘင် အခမ်းအနားကို စက်တင်ဘာလတတိယပတ် က နေပြည်တော်၌ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu က ကျောင်းသားကျောင်းသူများထံသို့ ဘွဲ့ လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မိုးချယ်က အမှာစကား ပြောကြားခဲ့သည်။
စီးပွားရေးသံမှူးက အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကျော်လွှား၍ ပညာကြိုးစား သင်ယူပြီးမြောက်ခဲ့သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုစကားပြောကြား ပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လူ့စွမ်းအားအရင်းအမြစ် ကဏ္ဍဆိုင်ရာ ကူးလူးဖလှယ်မှုများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို အစဉ်အမြဲများစွာအလေး ထားကြောင်း၊ သမ္မတ Mr. Xi Jinping သည် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး(South–South cooperation)နှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျု တည်ထောင်ရေးကို ကိုယ်တိုင် ကိုယ်ကျ အလေးထား၊ မြှင့်တင်ပေးပြီး တရုတ် နိုင်ငံ၏ နိုင်ငံစီမံအုပ်ချုပ်ရေးအတွေ့အကြုံ များကို မျှဝေကာ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားအတွက် အဆင့်မြင့်စီမံခန့်ခွဲရေးလူတော်လူချွန် များ ပျိုးထောင်ပေးရန် ကြိုးပမ်းလျက်ရှိ ကြောင်း၊ တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်သည့် ပညာသင်ဆုစီမံကိန်းမှ တစ်ဆင့် မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူ ၂၀၀ ကျော်သည် တရုတ်နိုင်ငံ၏ အဆင့်မြင့် တက္ကသိုလ်များသို့ ဝင်ခွင့်ရရှိခဲ့ကြောင်း ထည့်သွင်းပြောကြားသည်။
ဦးအောင်မိုးချယ်က မြန်မာနိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်အထောက်အပံ့များ ပေးအပ်သည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူး တင်ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများ သင်ယူလေ့လာခဲ့သည့် အတတ်ပညာများနှင့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွေ့အကြုံများကို လက်တွေ့ လုပ်ငန်းများတွင် အသုံးချပြီး သက်ဆိုင်ရာ နယ်ပယ်များမှလုပ်ငန်းများ တိုးတက်ရေးကို ပိုမိုမြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြော ကြားခဲ့သည်။
၀၀၈