
၁။ ကျန်းမာရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့တွင် လစ်လပ်လျက် ရှိသော ဆရာဝန်(သစ်လွင်/သွားနှင့်ခံတွင်း)၊ ဆရာဝန်(သရုပ်ပြ)၊ ဦးစီးအရာရှိ [အစားအသောက်/ ဆေးဝါး / (ဆေးပစ္စည်း/ အလှကုန်)/ ဓာတ်ခွဲ]၊ လက်ထောက်ဆရာဝန်နှင့် တာဝန်ခံဆရာဝန်ရာထူး (၃၀၈)နေရာတို့ အတွက် ကြော်ငြာစာအမှတ်၊ ၄/၂၀၂၂ ဖြင့် ၂၇-၈-၂၀၂၂ နှင့် ၂၈-၈-၂၀၂၂ ရက်နေ့တို့တွင် မြန်မာ့အလင်း၊ ကြေးမုံနှင့် မြဝတီ သတင်းစာတို့၌ ကြော်ငြာခေါ်ယူထားရှိပြီးဖြစ်ပါသည်။
၂။ ဖော်ပြပါ ဝန်ကြီးဌာန (၃)ခု၏ ဆရာဝန်လစ်လပ်ရာထူးနေရာများ အတွက် လျှောက်ထားရာတွင် ဆေးကုသခွင့်လိုင်စင် (ဆမ/သခ) ရရှိပြီး ဆရာဝန်များ လျှောက်ထားနိုင်သည့်အပြင် အလုပ်သင်ဆရာဝန် ပြီးမြောက်သူများလည်း အလုပ်သင်ပြီးမြောက်ကြောင်း ထောက်ခံစာ ပူးတွဲလျက် လျှောက်ထားနိုင်ပါသည်။ အလုပ်လျှောက်ထားရာတွင် လည်း မိမိစတင်တာဝန်ထမ်းဆောင်လိုသည့်ဒေသများကို ဦးစားပေး ဖော်ပြ၍ လျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ လျှောက်ထားသူများအားလုံးကိုလည်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ နည်းဥပဒေ ၁၅ ကို ကျင့်သုံး၍ ရေးဖြေစာမေးပွဲ စစ်ဆေးခြင်းမပြုဘဲ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းကိုသာ ဆောင်ရွက်ပြီး ရွေးချယ်မည့် စာရင်းထုတ်ပြန်ပေးမည်ဖြစ်ပါသည်။ ရွေးချယ်ခြင်း ခံရသူများကို ယခင်ကကဲ့သို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်သည့် အရာထမ်းလောင်း အခြေခံသင်တန်းများသို့ လက်တလောတွင် တက်ရောက်စေခြင်းမပြုသေးဘဲ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းသစ်များအဖြစ် ဦးစွာခန့်အပ်တာဝန် ပေးသွားမည်ဖြစ်ပါသည်။
၃။ ခန့်အပ်ခြင်းခံရမည့် ဆရာဝန်များအနက် အလုပ်သင်ဆရာဝန် များအနေဖြင့် စတင်တာဝန်ထမ်းဆောင်ချိန်တွင် ဆေးကုသခွင့် လိုင်စင် (ဆမ/ သခ) လက်မှတ်ရရှိရေးအတွက် သက်ဆိုင်ရာဌာနမှ ထောက်ခံချက်ထုတ်ပေးမည်ဖြစ်သည့်အပြင် ခန့်အပ်ခြင်းခံရမည့် ဆရာဝန်များအားလုံးကို ဆေးပညာ မဟာသိပ္ပံဘွဲ့လွန်သင်တန်း တက်ရောက်ခွင့်ရရှိရေးအတွက် ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ကို လည်း ခွင့်ပြုပေးမည် ဖြစ်ပါသည်။
၄။ ဆရာဝန် (သစ်လွင်/သွားနှင့်ခံတွင်း) ရာထူးအတွက် စတင် တာဝန်ထမ်းဆောင်သူများသည် မိမိတာဝန်ထမ်းဆောင်ရမည့် ဆေးရုံတွင် သတ်မှတ်ကာလပြည့်အောင် တာဝန်ထမ်းဆောင်ပြီးပါက နိုင်ငံတော်၏ လုပ်ငန်းလိုအပ်ချက်အရ နိုင်ငံတစ်ဝှမ်းလုံးရှိ အခြား ဆေးရုံများသို့လည်း နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင် နိုင်သူလည်း ဖြစ်ရပါမည်။
၅။ မိမိတို့ ကြိုးစားလေ့လာအားထုတ်သင်ယူခဲ့သည့် ဆေးပညာရပ် များ၊ အတွေ့အကြုံများကို အမှန်တကယ်အသုံးချ၍ တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် တစ်ထောင့်တစ်နေရာမှ အလုပ်အကျွေးပြု ကျေးဇူးဆပ်ရာရောက်မည်လည်းဖြစ်သဖြင့် ဆေးပညာဘွဲ့ ရရှိထား သည့် ညီငယ်၊ ညီမငယ်များအနေဖြင့် လျှောက်လွှာပိတ်ရက်ဖြစ်သည့် (၂၇-၉-၂၀၂၂) ရက်နေ့မတိုင်မီ အချိန်မီ လျှောက်ထားနိုင်ရေးကို အသိပေးတိုက်တွန်းအပ်ပါသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့