ယခုဘဏ္ဍာနှစ်တွင် လယ်ယာသုံးစက်ကိရိယာပစ္စည်းများ ဝယ်ယူအသုံးပြုနိုင်ရန် ငွေကျပ်သန်း ၁၈၀၀ ထုတ်ချေးပေးမည်

မန္တလေး စက်တင်ဘာ ၁၅ ယခုဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသ ကြီးအတွင်း မြို့နယ် ၂၃ မြို့နယ်ရှိ တောင်သူ များကို JICA (Two Step Loan) ချေးငွေဖြင့် လယ်ယာသုံး စက်ကိရိယာပစ္စည်းများ ဝယ်ယူ အသုံးပြုနိုင်ရန် ငွေကျပ်သန်း ၁၈၀၀ လျာထား ပြီး ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်းဒေသကြီးမန်နေဂျာ ဦးစိုးကိုကိုဝင်းက ပြောသည်။  တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ တောင်သူများကို လက်မှုလယ်ယာမှ စက်မှု လယ်ယာစနစ်သို့ အသွင်ကူးပြောင်းလာနိုင်ရန် အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် JICA တို့ပူးပေါင်းပြီး တောင်သူများ၏ လုပ်ငန်း ခွင်များတွင် လျင်မြန်ချောမွေ့ကာ လုပ်ငန်းများ တွင်ကျယ်လာစေရန်အတွက် လယ်ယာသုံး စက်ကိရိယာပစ္စည်းများဖြစ်သော ထွန်စက်ကြီး၊ ထော်လာဂျီ၊ ရိတ်သိမ်းခြွေလှေ့စက်နှင့် အခြား လယ်ယာသုံးစက်ကိရိယာများကို တောင်သူ များ လိုအပ်ချက်ရှိသည့် စက်အမျိုးအစား အလိုက်ဝယ်ယူအသုံးပြုနိုင်ရန် ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တောင်သူတွေ ကို ယခင်မိမိတို့ရဲ့ မိရိုးဖလာအစဉ်အဆက်က လုပ်ကိုင်လာကြတဲ့ လက်မှုလယ်ယာစနစ်ကနေ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းလာနိုင်ဖို့ အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးတာ ပါ။ ဒါမှလည်းတောင်သူတွေရဲ့ ဘဝဟာဖွံ့ဖြိုးတိုးတက် ပြီးတော့ အဆင့်အတန်းမြင့်မားလာမှာပါ၊၊ အတိုးနှုန်း သက်သာစွာနဲ့ ချေးပေးနေတာပါ။ အရစ်ကျစနစ်နဲ့ အများဆုံး ငါးနှစ်၊ အနည်းဆုံး သုံးနှစ်ပါ။ တောင်သူ တစ်ဦးကို အများဆုံး သိန်း ၇၀၀ ထိခွင့်ပြုထားပါတယ်။ တောင်သူတွေအနေနဲ့ မိမိတို့ရဲ့လုပ်ငန်းခွင်မှာ အဆင်ပြေစွာအသုံးပြုနိုင်မယ့် လိုအပ်တဲ့ စက်အမျိုး အစားကို ဝယ်ယူအသုံးပြုနိုင်အောင် တောင်သူ လယ်သမားတွေအတွက် ဆောင်ရွက်ပေးနေတာပါ” ဟု ၎င်းကရှင်းပြသည်။  ထိုလယ်ယာသုံးစက်ကိရိယာများ ဝယ်ယူ အသုံးပြုနိုင်သည့်အတွက် တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းခွင်များတွင် အချိန်တိုအတွင်း ဆောင်ရွက်နိုင်သည့်အပြင် စိုက်ပျိုးချိန်၌လည်း အချိန်မီစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် သီးနှံများ လည်း ပျက်စီးဆုံးရှုံးမှုနှင့် အလေအလွင့်နည်းပါးစေပြီး လူ့စွမ်းအားအရင်းအမြစ်လည်း လျော့နည်းသက်သာ စေကာ လုပ်သားရှားပါးမှုကို အထောက်အကူပြုစေ ကြောင်း သိရသည်။   အဆိုပါ လယ်ယာသုံးစက်ကိရိယာပစ္စည်းများကို တိုင်းဒေသကြီးအတွင်းရှိ တောင်သူများအတွက် အသုံးပြုနိုင်ရန် ထုတ်ချေးပေးမည့် မြို့နယ်များ မှာ ချမ်းအေးသာစံ၊ အမရပူရ၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ စဉ့်ကိုင်၊ တံတားဦး၊ သာစည်၊  မြင်းခြံ၊ နွားထိုးကြီး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မြစ်သား၊ ညောင်ဦး၊ တောင်သာ၊ ပုသိမ်ကြီး၊ ရမည်း သင်း၊ ပျော်ဘွယ်၊ ကျောက်ပန်းတောင်း၊ ငါန်းဇွန်၊ ပြင်ဦးလွင်နှင့် မလှိုင် စသည့် မြို့နယ်များရှိ တောင်သူ များကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရ သည်။ မောင်အေးချမ်း