လူတစ်ဦးချင်းစီအတွက် Biometric (၃) ချက်ကောက်ယူရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဦးတည်အုပ်စုများ သတ်မှတ်ကာ အဆင့်ဆင့်ဆောင်ရွက်

 

နေပြည်တော်   စက်တင်ဘာ  ၁၃


e-ID စနစ် လုပ်ငန်းစဉ်အဖြစ် အသက် ၁၀ နှစ်နှင့် အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူစသည့်    နိုင်ငံသားအသိအမှတ်ပြုကတ်ပြား တစ်မျိုးမျိုးကိုင်ဆောင်ထားသူ၊  ပြည်တွင်း၌  အခွန် ဆောင်နေထိုင်သည့် နိုင်ငံခြားသား FRC ကိုင်ဆောင် ထားသူ၊   နိုင်ငံခြားသား   အမြဲနေထိုင်ခွင့်   (PR) လက်မှတ်ရရှိထားသူစသည်တို့ကို  ကိုယ်ရေးဆိုင်ရာ အချက်အလက် Biographic (၆) ချက်နှင့် ဇီဝဆိုင်ရာ အချက်အလက် Biometric (၃) ချက်ကောက်ယူကာ လူတစ်ဦးချင်းစီအတွက် Unique ID နံပါတ်တစ်ခုစီထုတ်ပေးသွားမည်ဖြစ်ပါကြောင်း  e-ID  စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။

 


ယနေ့  နံနက်  ၁၀ နာရီက   နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် e-ID စနစ် လုပ်ငန်းကော်မတီ  စတုတ္ထအကြိမ်  လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

 


မကြာမီ ပြီးစီးတော့မည်


ဆက်လက်၍ လက်ရှိအခြေအနေတွင် မိမိတို့ ဌာန၏ ရုံးအသီးသီးရှိ  နိုင်၊ ဧည့်၊ ပြု လက်မှတ်များ ထုတ်ပေးမှုမှတ်တမ်းနှင့်  PR ရရှိထားသူနှင့်  FRC ကိုင်ဆောင်ထားသူများ၏ မှတ်တမ်းများပါ ကိုယ်ရေး အချက်အလက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါ အချက်အလက်များကို နည်းပညာအသုံးပြု ၍ ရုံးချုပ် Database Server သို့ ပေးပို့ဆောင်ရွက်လျက် ရှိရာ မကြာမီ  ပြီးစီးတော့မည်ဖြစ်ပါကြောင်း၊ ယင်း အချက်အလက်များသည်   e-ID   စနစ်အတွက် Biographic Data(၆)ချက် ရယူရာတွင် အသုံးပြုသွား မည်ဖြစ်ပြီး  ယင်းအချက်အလက်များကို   မိမိတို့ ဝန်ကြီးဌာန၏  အီလက်ထရောနစ်  မှတ်ပုံတင်စနစ် ဦးစီးဌာနမှ တာဝန်ယူ၍  ပြည်တွင်းနည်းပညာအကြံ ပေးအဖွဲ့နှင့် ပညာရှင်များ၏ သုံးသပ်အကြံပြုချက်များ နှင့်အညီ စနစ်တကျထိန်းသိမ်း ဆောင်ရွက်ထားရှိပါ ကြောင်း။  

 


ဦးတည်အုပ်စု  လျာထားချက်


ထို့ပြင် e-ID စနစ်အတွက် ဆောင်ရွက်မည့်စနစ် တည်ဆောက်ပုံ ဒီဇိုင်း၊ ပြည်ပနည်းပညာ အကြံပေး ငှားရမ်းခေါ်ယူရေးနှင့် Biometric ကောက်ယူရေး အတွက် အသုံးပြုမည့်  နည်းပညာဆိုင်ရာပစ္စည်းနှင့် ပတ်သက်၍  ပညာရှင်များ၏  သုံးသပ်အကြံပြုချက် များရရှိပြီးဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးနှင့်  အမျိုးသားအကျိုးစီးပွားကိုရှေးရှု၍   ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ တင်ဒါစည်းမျဉ်းစည်းကမ်းများ၊      အထက်ဌာန ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ် ပါကြောင်း၊  ယင်းလုပ်ငန်းစဉ်များ  ဆောင်ရွက်ပြီးပါ က Biometric  (၃) ချက်ကောက်ယူရေးဆောင်ရွက်ရ မည်ဖြစ်ပြီး   မကြာမီကာလအတွင်း    စမ်းသပ် ကောက်ယူမှုများ  ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါ ကြောင်း၊ လူတစ်ဦးချင်းစီအတွက် Biometric (၃) ချက်ကောက်ယူရာတွင်လည်း  တစ်နိုင်ငံလုံး  အတိုင်း အတာဖြင့်   ဦးတည်အုပ်စုများ   သတ်မှတ်ကာ အဆင့်ဆင့်ဆောင်ရွက်သွားရန် လျာထားပါကြောင်း၊ ယခုအစည်းအဝေးတွင်  ဦးတည်အုပ်စု  လျာထားချက် အခြေအနေနှင့်  e-ID  စနစ်အတွက်  လိုအပ်သော ပစ္စည်းများ ဝယ်ယူနိုင်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက် ရမည့်လုပ်ငန်းအခြေအနေများကို  ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။ 

 


ထို့နောက်   အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက  e-ID စနစ်လုပ်ငန်းများ  အကောင်အထည်ဖော်ဆောင်ရွက် နေမှုနှင့်  ဆက်စပ်ဆောင်ရွက်မည့်  လုပ်ငန်းအခြေ အနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြ သည့် ဝန်ကြီးဌာနအသီးသီးနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ကွန်ပျူတာပညာရှင်များအသင်းတို့မှ ကော်မတီအဖွဲ့ဝင်များက  လုပ်ငန်းဆောင်ရွက်ချက် များအပေါ်  ဥပဒေ၊   လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေးနှင့်       e-ID နည်းပညာဆိုင်ရာပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက်    ဆောင်ရွက်သင့်သည့် အခြေအနေများနှင့်စပ်လျဉ်း၍   အကြံပြုဆွေးနွေး ကြသည်။

 


လိုအပ်သည်များ  ညှိနှိုင်းဆောင်ရွက် 


ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့ အင်အားဝန်ကြီးဌာန   ဒုတိယဝန်ကြီး  ဦးဌေးလှိုင်၊ e-ID စနစ်လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်၊ ကော်မတီအတွင်းရေးမှူး ဒုတိယ ဝန်ကြီး ဒေါက်တာ မျိုးသန့်တို့က ဆွေးနွေးတင်ပြချက် များအပေါ်   ထပ်မံသုံးသပ်အကြံပြု  ဆွေးနွေးကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ    ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က  လိုအပ်သည်များ  ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်