ရွှေမော်ဓောစေတီတော်ကြီး၌ စက်လှေကား တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ

ပဲခူး စက်တင်ဘာ ၁၀ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး၌ ရွေ့လျားလျှပ်စစ် စက်လှေကား နှစ်စင်းတပ်ဆင်ခြင်းလုပ်ငန်းများကို စက်တင်ဘာ ၆ ရက်မှစ၍ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ စက်လှေကားနှစ်စင်း ကို စေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်၊ အနောက်ဘက် စောင်းတန်းတွင် တပ်ဆင်နေခြင်း ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာရောက်ကြသည့် ရဟန်းရှင်လူ ပြည်သူများ သက်သောင့်သက်သာ တက် ရောက်ဘုရားဖူးနိုင်ရန် တပ်ဆင် ခြင်းဖြစ်သည်။ “ရွေ့လျား စက်လှေကား တပ်ဆင်ခြင်းကို စက်တင်ဘာ ၆ ရက်က စတင်လုပ်ဆောင်တာပါ။ တပ်ဆင်ပြီးစီးချိန်က ၂၁ ရက် လောက် အချိန်ကြာပါမယ်။ အားလုံး တပ်ဆင်ပြီးစီးသွားရင် စမ်းသပ် မောင်းတာပါနဲ့ဆို စက်တင်ဘာလကုန်ဆို စတင် အသုံးပြုနိုင်မှာပါ” ဟု စက် လှေကားတပ်ဆင်မှု လုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်သည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စေတီတော်မြတ်ကြီးတွင် စက်လှေကား တပ်ဆင်နိုင်ရေး အတွက် သြဝါဒဆရာတော်ကြီး များ၏ သြဝါဒကို ခံယူကာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဂေါပက အဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပြီး ကျပ်သိန်းပေါင်း ၃၅၀၀ ခန့် ကုန်ကျမည်ဖြစ်သည်။ “ဘုရားကို လာရောက် ဖူးမြော်ကြည်ညိုကြတဲ့ စေတနာ ရှင် ပြည်သူတွေရဲ့ ထည့်ဝင် လှူဒါန်းခဲ့ကြတဲ့ အလှူငွေတွေနဲ့ ရွေ့လျား စက်လှေကား နှစ်စင်း ကို တပ်ဆင်တာပါ။ ခုလက်ရှိမှာ ကျပ် ၅၇ သိန်းကို စေတနာရှင် ဘုရားဖူးပြည်သူတွေက လှူဒါန်း ထားပါတယ်။ လှူဒါန်းလိုသူတွေ အနေနဲ့လည်း ဂေါပကအဖွဲ့ထံ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်” ဟု  အလှည့်ကျ ဂေါပကအဖွဲ့ ဥက္ကဋ္ဌက ပြောသည်။ စက်လှေကား နှစ်စင်း တပ်ဆင်မှုလုပ်ငန်းတွင် ပါဝင် လှူဒါန်းလိုပါက ဂေါပကအဖွဲ့ ရုံး၊ ဖုန်း ၀၉-၇၆၆၄၃၅၇၀၉၊ ၀၅၂ ၂၂၂၄၂၅၅၊ ၀၅၂ ၂၂၂၁၀၆၈ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ ပဲခူးမြို့ရှိ  ရွှေမော်ဓောစေတီ တော်မြတ်ကြီးသည် မြန်မာနိုင်ငံ တစ်ဝန်းရှိ ဉာဏ်တော်အမြင့်ဆုံး သော စေတီတော်များတွင် တစ်ဆူ အပါအဝင်ဖြစ်ကာ ၃၇၃ ပေနှင့် ကိုးလက်မမြင့်၍ စေတီတော်ကြီး၏ သက်တမ်း သည် နှစ်ပေါင်း ၂၀၀၀ ကျော်ရှိပြီ ဖြစ်သည်။ ရွှေမော်ဓောစေတီတော်မြတ် ကြီးတွင် တပ်ဆင်သည့် ရွေ့လျား လျှပ်စစ်စက်လှေကားသည်  ပဲခူးမြို့၌ ဒုတိယမြောက်ဖြစ်ပြီး ပထမဆုံး စက်လှေကားတပ်သည့် ဘုရားမှာ ဟင်္သာကုန်းစေတီတော် ကြီးဖြစ်သည်။ မောင်ယဉ်ဦး