
မန္တလေး စက်တင်ဘာ ၁၀
သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် မြန်မာ့ ရိုးရာမီးပုံးများနှင့် ဆက်စပ်ထုတ်ကုန်များ မန္တလေးဈေးကွက်၌ စတင်ပြုလုပ်ရောင်းချ နေပြီဖြစ်ပြီး ယမန်နှစ်ထက် ဈေးအနည်းငယ် သာ မြင့်တက်မှုရှိကြောင်း မီးပုံးများပြုလုပ်၍ ရောင်းချနေသူ ဦးမြင့်ထွေးက ပြောသည်။
“ကျွန်တော်တို့က ဘိုးစဉ်ဘောင်ဆက် မီးပုံးတွေလုပ်ပြီး ဖောက်သည်ပေးတယ်။ ဝယ်သူတွေ ဈေးမများအောင် အတတ်နိုင်ဆုံး ဈေးလျှော့ရောင်းပါတယ်။ ဒီနှစ်မှာ ကြာဖူးပုံ လေးနဲ့ မီးပုံးကို ဒီဇိုင်းအသစ်ထုတ်ထားတယ်။ မီးပုံးကတော့ သီတင်းကျွတ်လပြည့်နားနီးမှ အများကြီး ထုတ်ပါတယ်။ အမှာကလည်း အဲဒီကျမှ အများကြီးလာတာပါ။ ခုချိန်မှာ ကား၊ သင်္ဘော၊ တိရစ္ဆာန်ရုပ်တွေကို ကြိုလုပ်ထား တယ်။ ကုန်ကြမ်းဈေးတက်ပေမယ့် မီးပုံးတွေ ကတော့ မနှစ်ကထက် ဈေးအနည်းငယ်ပဲ တက်ပါတယ်“ဟု ၎င်းက ပြောသည်။
ထိုသို့ ထုတ်လုပ်ရာတွင် မီးပုံးများသာမက ကလေးများနှစ်သက်သည့် လေယာဉ်ပျံ၊ မော်တော်ကား၊ သင်္ဘောနှင့် တိရစ္ဆာန်ရုပ်များ စသဖြင့် အရုပ်အမျိုးအစား ၁၂ မျိုးကျော်ကို ဖယောင်းတိုင် မီးထွန်းလျှင် အလင်းရောင်ရရှိ စေရန် တရုတ်ပြည်မှဝယ်ယူရသော မှန်စက္ကူ နှင့် ဆီစိမ်စက္ကူများဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းမှာလည်း အရွယ်အစား၊ ဒီဇိုင်းပုံစံပေါ် မူတည်၍အနည်းဆုံး ငွေကျပ် ၅၀၀ မှ သောင်း ဂဏန်းအထိရှိကြောင်း သိရသည်။
“ရာသီစာဆိုတော့ သီတင်းကျွတ်မတိုင်မီ တော်သလင်းလကနေ စလုပ်ပြီး နယ်တွေ အတွက် အော်ဒါပို့ပေးရတယ်။ ကျွန်တော်တို့ ရောင်းဈေးနဲ့ လက်လီတစ်ခုချင်း ရောင်းဈေး က ကွာတာပေါ့။ လေယာဉ်ပျံဆို ငွေကျပ်၂၀၀၀ နဲ့ဖောက်သည်ပေးရင် လက်လီမှာ ငွေကျပ် ၂၅၀၀-၃၀၀၀ လောက်ဖြစ်သွားတယ်။ လက်လီ ရောင်းတဲ့အခါ အမျိုးအစားအလိုက် ဈေးတင် ရောင်းကြတာပေါ့” ဟု ဆက်လက် ပြောသည်။
အဆိုပါ သီတင်းကျွတ်မီးထွန်းပွဲတော် ရာသီကုန်များကို မြန်မာနိုင်ငံအနှံ့အပြား တင်ပို့ ရောင်းချနေရပြီး မှန်ရောင်စက္ကူနှင့် ဆီစိမ် စက္ကူအသုံးပြုကာ တင်းဝါးများဖြင့် ပုံစံမျိုးစုံ ပုံဖော်ပြုလုပ်သည့် မြန်မာ့လက်မှုပညာဖြစ်ကာ သီတင်းကျွတ်လ၏ မြန်မာ့ဓလေ့တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)