ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့
နေပြည်တော် စက်တင်ဘာ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် စက်တင်ဘာ ၉ ရက် ညနေပိုင်းတွင် Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ Aleksey Sambuyevich Tsydenov နှင့် ခေတ္တတည်းခိုလျက်ရှိသည့် Ulan-Ude မြို့ Mergen Bator ဟိုတယ် Tengeri ညီလာခံခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် နိုင်ငံတော် အဆင့်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး Republic of Buryatia အစိုးရအဖွဲ့အကြီးအကဲနှင့်အတူ ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အဏုမြူ နည်းပညာအသုံးပြု၍ ရောဂါရှာဖွေစမ်းသပ်နိုင်မှုနှင့် ရှာဖွေတွေ့ရှိလာသည့် ရောဂါများကို ခေတ်မီ နည်းပညာများ အသုံးပြု၍ ကုသမှုများဆောင်ရွက် ပေးနိုင်သည့် အခြေအနေများ အပါအဝင် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆေးပညာရှင်အချင်းချင်း၊ ဆေးရုံများအချင်းချင်း အပြန်အလှန်ဖလှယ်ဆောင်ရွက်နိုင်မည့် အခြေအနေ များ၊ သဘာဝသယံဇာတ တွင်းထွက်ပစ္စည်းများ တူးဖော်မှုဆိုင်ရာ နည်းပညာရပ်များကို ရှာဖွေ ထုတ်လုပ်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေ အနေများ၊ ရထားသယ်ယူပို့ဆောင်ရေးဆိုင်ရာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအင်သုံး ခေါင်းတွဲများ၊ ဒီဇယ်ခေါင်းတွဲများ၊ ဓာတ်ငွေ့သုံး ခေါင်းတွဲများ၊ ကိုယ်ထည်တွဲများ ထုတ်လုပ်ခြင်း နည်းပညာဆိုင်ရာများ၊ မောင်းနှင်ခုတ်မောင်းမှု ဆိုင်ရာ နည်းပညာများ၊ မီးရထားနှင့် ဆက်စပ်သည့် လုပ်ငန်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Republic of Buryatia အစိုးရအဖွဲ့အကြီးအကဲ တို့သည် ခင်မင်ရင်းနှီးစွာ အပြန်အလှန်နှုတ်ဆက်ကြ ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ထို့နောက် Republic of Buryatia အစိုးရအဖွဲ့ အကြီးအကဲက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။ ညစာ သုံးဆောင်နေစဉ်အတွင်း Buryatia ပြည်နယ်မှ နာမည်ကျော် အနုပညာရှင်များက ရိုးရာတေးသီချင်း များ၊ အကအလှများဖြင့် သီဆိုကပြ တီးမှုတ်ဖျော်ဖြေ ခဲ့ကြသည်။
ညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Republic of Buryatia အစိုးရအဖွဲ့အကြီးအကဲတို့ သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြပြီး သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ရိုးရာ အကအလှအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



