
နေပြည်တော် စက်တင်ဘာ ၁
ဖြတ်သန်းခဲ့သည့် နှစ်ကာလများတွင် ကြုံတွေ့ရ သည့် အားနည်းချက်များကို ပြုပြင်၍ အားသာချက် များကို သုံးသပ်ဆင်ခြင်ပြီး “ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ်” ဆောင်ပုဒ်နှင့်အညီ ဌာနအကျိုး၊ နိုင်ငံအကျိုးအတွက် ကျရာတာဝန်ကို ဦးလည်မသုန် ကျေပွန်စွာထမ်းဆောင်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားခဲ့သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဌာန၏ (၅၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၂၉)၌ ကျင်းပစဉ် ပြည်ထောင်စု ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ခေတ်အဆက် ဆက် နိုင်ငံတစ်ဝန်း ခရီးသည်နှင့် ကုန်စည်များကို သယ်ယူပို့ဆောင်ပေးခြင်းလုပ်ငန်းနှင့် စီမံကိန်းကြီး များအတွက်လိုအပ်သော သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် ဌာနတစ်ခု ဖြစ်ကြောင်း၊ ကောင်းမွန်သည့် သယ်ယူပို့ဆောင်ရေး စနစ်တစ်ရပ်ဖြစ်လာစေရန် အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ ပြုပြင်ထိန်းသိမ်းရေး၊ စီးပွားရေး တွက်ခြေကိုက်မှုရှိရေး၊ ထိရောက်စွာ ကြီးကြပ်ရေး၊ ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းရေးနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ရှိမှုတို့သည် အဓိကလိုအပ်ချက်များ ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် တာဝန်ကျေပွန် စွာထမ်းဆောင်ခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများ အားလုံးကိုလည်း အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကုန်းလမ်းပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူးက ဌာန၏ သမိုင်းအစဉ်အလာနှင့် လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် သင်တန်းများတွင် ပထမဆုရရှိသူ ထူးချွန်ဝန်ထမ်းငါးဦးနှင့် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူလေးဦးတို့ကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ဆုချီးမြှင့်ကြသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ဌာနအကြီးအမှူးများနှင့် ဝန်ထမ်း များ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်