တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ် ခရီးစဉ် အမှတ်(၁၅၃)အဆန်၊ အမှတ်(၁၅၄)အစုန်ရထား ပြန်လည်ပြေးဆွဲ

 

တောင်ကြီး  စက်တင်ဘာ  ၁


တောင်ကြီး-ဆိုက်ခေါင်    လမ်းပိုင်းရှိ  တောင်ကြီး- ဘန်းယဉ်ခရီးစဉ်   အမှတ်(၁၅၃)အဆန် ၊  အမှတ် (၁၅၄) အစုန်ရထား ပြန်လည် ပြေးဆွဲခြင်း အခမ်းအနားကို  ယနေ့ နံနက်က တောင်ကြီး ဘူတာစင်္ကြံ၌ ကျင်းပသည်။

 


ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် တောင်ကြီး-ဆိုက်ခေါင်     ရထားလမ်းပိုင်း သည်  တောင်ကြီးဘူတာမှ  ဘန်းယဉ်ဘူတာ အထိ    ၃၃ ဒသမ ၇၁   မိုင်ရှိသော ရထား လမ်းပိုင်းကို    ပြန်လည်ပြေးဆွဲခြင်းဖြစ်ပြီး တောင်ကြီး-ဆိုက်ခေါင်   ရထားလမ်းပိုင်းမှာ ရထားပြေးဆွဲခြင်းကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ လ ဒုတိယပတ်ခန့်  ကိုဗစ်ကာလတွင်  ယာယီ ရပ်နားခဲ့ရပါကြောင်း၊ ယခုအခါ   နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်၊ ဒေသခံတိုင်းရင်း သားပြည်သူများ၏  တောင်းဆိုချက်များနှင့် အညီ   မြန်မာ့မီးရထားအနေဖြင့်  ရထားလမ်း ပိုင်းကြံ့ခိုင်တောင့်တင်းမှုရှိစေရေး      ပြုပြင် ဆောင်ရွက်ပေးခဲ့ပြီး ရထားစီးတိုင်းရင်းသား ပြည်သူများအနေဖြင့်  စိတ်ချမ်းမြေ့စွာ၊ လုံခြုံစွာ သွားလာအသုံးပြုနိုင်အောင်  ဆောင်ရွက်ထား ပြီး    ပြည်သူများလိုအပ်ချက်ပေါ်     မူတည်၍ ခရီးဆုံးဘူတာဖြစ်သည့်   ဆိုက်ခေါင်အထိ    ပြေးဆွဲနိုင်အောင် စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် မိမိတို့၏ ကုန်ပစ္စည်းများ၊ သီးနှံများ ရထားကို အသုံးပြု၍ တောင်ကြီးမြို့ပေါ်အထိ   တင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး   ရထားဖြင့် သယ်ယူပို့ဆောင်ခြင်းသည်  စရိတ်စကနည်းသည့်အတွက်   ဒေသခံ တိုင်းရင်းသားပြည်သူများအတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ ရထား ပြန်လည်ပြေးဆွဲပေးခြင်းဖြင့် ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်း များ၊ လူမှုစီးပွားရေးလုပ်ငန်းများ ရထားပို့ဆောင်ရေးလုပ်ငန်းကြောင့် ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 


ရှင်းလင်းတင်ပြ


အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က အမှာစကားပြောကြားပြီး မြန်မာ့မီးရထား  ဦးဆောင်ညွှန်ကြားရေး မှူးက တောင်ကြီး-ဘန်းယဉ် ရထားပြန်လည် ပြေးဆွဲမှုအခြေအနေများ ကို ရှင်းလင်းတင်ပြသည်။

 


ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်၊   အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်  ဒုတိယတိုင်းမှူး၊   ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဥက္ကဋ္ဌနှင့်   မြန်မာ့မီးရထား  ဦးဆောင် ညွှန်ကြားရေးမှူးတို့က    တောင်ကြီး - ဘန်းယဉ်   ရထားလမ်းပိုင်းတွင်  ပြေးဆွဲမည့်  ရထားကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး  ပြေးဆွဲမည့်    ရထား စက်ခေါင်းကို  အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးသည်။

 


ရပ်တန့်ပေးသွားမည်


ရထားပြေးဆွဲရာတွင် အမှတ်(၁၅၃)အဆန် လူစီးကုန်တင်ရထား သည် တောင်ကြီးဘူတာမှ မွန်းလွဲ ၂ နာရီခွဲအချိန် ထွက်ခွာ၍ ဘန်းယဉ် ဘူတာသို့  ညနေ ၄ နာရီ မိနစ် ၅၀  တွင်လည်းကောင်း၊ အမှတ် (၁၅၄) အစုန် လူစီးကုန်တင်ရထားသည် ဘန်းယဉ်ဘူတာမှ နံနက် ၅ နာရီခွဲ တွင် ထွက်ခွာ၍ တောင်ကြီးဘူတာသို့ နံနက်  ၈ နာရီတွင်လည်းကောင်း ရောက်ရှိမည်ဖြစ်ပြီး    ဖာမွန်းဘူတာ၊   နောင်ကားဘူတာ၊   ဟမ်းဆီး ဘူတာ ၊ ကက္ကူဘူတာနှင့် ဘန်းယဉ်ဘူတာတို့၌ ရပ်တန့်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။        

 ပြည်နယ် (ပြန်/ဆက်)