
မြစ်ကြီးနား သြဂုတ် ၃၁
ကချင်ပြည်နယ်အတွင်း ကြွက်ဘေးအန္တရာယ်ကြောင့် လယ်ယာသီးနှံများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သော တီယန်ဇွပ်ကျေးရွာအုပ်စုနှင့် အင်ဂျစ်ကျေးရွာအုပ်စု များမှ တောင်သူများအတွက် ဆန်အိတ်များနှင့် မိုးတွင်းကာလစားနပ်ရိက္ခာ အခက်အခဲဖြစ်ပေါ်နေ သည့် ဒေသ ငါးခုမှ အိမ်ထောင်စုများအတွက် တစ်လ စာ ဆန်ရိက္ခာဖိုးငွေများကို ကချင်ပြည်နယ်အစိုးရက ဩဂုတ် ၃၀ ရက်တွင် ထောက်ပံ့ပေးသည်။
မြစ်ကြီးနားမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမား ဒူဝါဆင်ဝါးနောင်ခန်းမ၌ ပြုလုပ်သည့် ထောက်ပံ့ ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က မိမိတို့ပြည်နယ်အတွင်း ကြွက်ဘေးအန္တရာယ် သည် ၁၉၇၇ ခုနှစ်က တစ်ကြိမ်ကျရောက်ခဲ့ပြီး ယခု တီယန်ဇွပ်နှင့် အင်ဂျစ်ကျေးရွာတို့တွင် ထပ်မံ ကျရောက်ခဲ့သည့်အတွက် တောင်ယာစပါးနှင့် ငရုတ် စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယနေ့ ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် မိုးတွင်း ကာလ စားနပ်ရိက္ခာအခက်အခဲ ဖြစ်ပေါ်နေသည့်ဒေသ များမှ အိမ်ထောင်စုများကိုလည်း ထောက်ပံ့ပေး ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာ ဝန်ကြီးတို့က ကြွက်ဘေးအန္တရာယ် ကျရောက်မှု ကြောင့် တီယန်ဇွပ်ကျေးရွာအုပ်စုမှ တောင်ယာစပါး ဧက ၂၂၀၊ ငရုတ်စိုက်ခင်း သုံးဧက ပျက်စီးဆုံးရှုံးခဲ့သော ဒေသခံတောင်သူ ၇၃ ဦးနှင့် အင်ဂျစ်ကျေးရွာအုပ်စုမှ တောင်ယာစပါး ၆၆ ဧက ပျက်စီးဆုံးရှုံးခဲ့သော ဒေသခံတောင်သူ ၃၃ ဦးအတွက် ဆန်အိတ် ၁၀၆ အိတ်ကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနမှူး ဒေါ်လှကေသီမာက မိုးတွင်း ကာလ စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရသည့် ဒေသ ငါးခုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ တစ်လစာ ထောက်ပံ့ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးရာ ဝန်ကြီးနှင့် ပြည်နယ်ဦးစီးမှူးတို့က ပြည်နယ်အတွင်း နှစ်စဉ် မိုးတွင်းကာလ စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရသည့် ချီဖွေခရိုင် ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသနှင့် ပူတာအိုခရိုင် နောင်မွန်မြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်နှင့် ရှိန်းခေါင်ဒေသတို့မှ အိမ်ထောင်စု ၄၃၈၆ စု၊ လူဦးရေ ၃၀၃၅၅ ဦးတို့ အတွက် တစ်လစာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် ၂၇၃၁၉၅၀၀၀ ကို ဒေသအလိုက် တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။
ကြွက်ဘေးအန္တရာယ် ကျရောက်ခဲ့မှုကြောင့် လယ်ယာစိုက်ပျိုးသီးနှံ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများနှင့် မိုးတွင်းကာလ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရသည့် ဒေသ ငါးခုမှ အိမ်ထောင်စုများအတွက် ဆန်ရိက္ခာများ အမြန်ဆုံး ကူညီထောက်ပံ့ပေးနိုင်ရေး၊ သက်ဆိုင်ရာဌာနအလိုက် ပံ့ပိုးကူညီထောက်ပံ့ပေးနိုင်မည့် အခြေအနေများ၊ ကူညီနိုင်မည့် နည်းလမ်းများနှင့် ကူညီထောက်ပံ့မှုများ အမြန်ဆုံးသယ်ယူပို့ဆောင်နိုင်ရေး ဆောင်ရွက်သွား မည့် အစီအမံများနှင့်စပ်လျဉ်း၍လည်း ပြည်နယ် ဝန်ကြီးချုပ်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သြဂုတ် ၂၉ ရက်က ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)