
ရန်ကုန် ဩဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဩဂုတ် ၂၉ ရက်က မင်္ဂလာဒုံမြို့နယ် လှော်ကားရေဝေရေလဲဒေသသို့ ရောက်ရှိပြီး ဝန်ထမ်း ၁၂၀ နှင့်အတူ ယိုးဒယားအုန်းခေါ် အုန်းချိုမွှေးပင် ၂၅၀ ကို စိုက်ပျိုးပေးကြသည်။
ယင်းနောက် အမှတ် (၃)လမ်းမရှိ အောင်တံခွန် ထပ်ဆင့်ရေတွန်းစက်ရုံမှ လှော်ကား ရေလှောင်ကန် သို့ ရေအားဖြည့် ဆက်သွယ်ပေးထားသည့် ရေသွယ် ကွန်ကရိရေမြောင်းကို လည်းကောင်း၊ မင်္ဂလာဒုံခရိုင် လှော်ကားတာဝန်ခံရုံးအနီး လှော်ကားရေဝေရေလဲ ဒေသအတွင်း အစားထိုးဖြည့်သွင်း စိုက်ပျိုးမည့် ပျိုးပင်များ ပျိုးထောင်ထားရှိမှုကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး ဘေးဝဲ/ယာ သန့်ရှင်းသာယာသပ်ရပ်ဆောင်ရွက်ရန်၊ မြေယာရှုခင်း ဆောင်ရွက်ရန်နှင့် နံရံကပ်စာကြည့်စင်ပြုလုပ်၍ စာအုပ်များထားရှိရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှော်ကား ရေလှောင်ကန်သို့ ရောက်ရှိပြီး အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ ဝန်ထမ်းအင်အား ၁၀၀ နှင့် အတူ ယိုးဒယား အုန်းခေါ် အုန်းချိုမွှေးပင် ၁၅၀ ကို စိုက်ပျိုးပေးပြီး အုန်းပင်များ ဆက်လက်ရှင်သန် ကြီးထွားအောင် ပြုစုစောင့်ရှောက်သွားရန် မှာကြား သည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှော်ကား ရေလှောင်ကန်ဝင်းအတွင်း မဟော်ဂနီအပင် ၂၈၈၀ စိုက်ပျိုးမည့်နေရာကို သွားရောက်ကြည့်ရှုစစ်ဆေး ပြီး စိုက်ကွက်ညီအောင် ဆောင်ရွက်ရေးနှင့် အဝင်/အထွက်လမ်း ကောင်းမွန်အောင်ပြုလုပ်ရေး၊ လှော်ကား ကန်အစပ် ကုန်းမြင့်နေရာမှ သာဓုကန်စေတီတော်သို့ မြင်ကွင်းလမ်းကြောင်း Visual Axis ကောင်းမွန်စေ ရေးအတွက် အပင်များ ဖြတ်ညှိခြင်းနှင့် မြေယာရှုခင်း ဆောင်ရွက်ရန် မှာကြား သည်။
သတင်းစဉ်