မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာထုတ်ပြန်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံတော်ဗဟိုဘဏ် 
အမိန့်ကြော်ငြာစာအမှတ် ၃၉ /၂၀၂၂ 
နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ တော်သလင်းလဆန်း ၅  ရက်
(၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်) 

 


၁။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၉၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။

 


 ၂။     နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (Authorized Dealer) လိုင်စင်ရဘဏ်များမှ တစ်ဆင့် ပြည်တွင်းသို့ လွှဲပြောင်းပေးပို့သည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားသုံးငွေဖြင့် ရရှိသော လုပ်ခ သို့မဟုတ် လစာဝင်ငွေများကို မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ အခြားသူသို့ လွှဲပြောင်း ခြင်း၊ ဘဏ်သို့ ရောင်းချခြင်းတို့ကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ပါသည်။ 

 


၃။     အဆိုပါ လုပ်ခ (သို့မဟုတ်) လစာဝင်ငွေများကို တစ်ဆင့်ဝယ်ယူထားသည့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများအနေဖြင့် ထပ်ဆင့်ရောင်းချခြင်း မပြုရ။ မိမိကိုယ်တိုင်သုံးစွဲခြင်း၊  AD  လိုင်စင်ရဘဏ်သို့ ရောင်းချခြင်းကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ပါသည်။ 

 


၄။    အထက်အပိုဒ် ၂ နှင့် ၃ ပါအတိုင်း ဆောင်ရွက်ရာတွင် AD လိုင်စင်ရဘဏ်သို့ နိုင်ငံခြားငွေ ဝင်ရောက်သည့်နေ့မှစ၍ အပြီးသတ်ရောင်းချသည်အထိ အချိန်ကာလ စုစုပေါင်းသည် (၂၁) ရက်ထက် ကျော်လွန်ခြင်းမရှိစေရ။

 

၅။    ဤအမိန့်ကြော်ငြာစာသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှစ၍ အကျိုးသက်ရောက် စေရမည်။


        သန်းသန်းဆွေ
        ဥက္ကဋ္ဌ