ချောင်းဦးမြို့နယ်၌ ယူရီးယားဓာတ်မြေသြဇာအိတ်များ သက်သာသောစျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ

 

ချောင်းဦး   သြဂုတ်   ၃၀


စစ်ကိုင်းတိုင်းဒေသကြီး    ချောင်းဦးမြို့နယ်   စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယမန်နေ့နံနက်ပိုင်းက   တိုင်းဒေသကြီးအစိုးရအဖွဲ့   အစီအစဉ်ဖြင့် တောင်သူများထံသို့  သက်သာသောစျေးနှုန်းဖြင့် ယူရီးယားဓာတ်မြေသြဇာ အိတ်များ ရောင်းချပေးခြင်း  အခမ်းအနား  ကျင်းပကြောင်း  သိရသည်။

 


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်က အမှာစကားပြောကြားပြီး   လယ်ယာမြေစီမံခန့်ခွဲရေး   စာရင်းအင်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးညွန့်အောင်က  လယ်ယာမြေ  လုပ်ထုံး လုပ်နည်းဥပဒေများအကြောင်း ရှင်းလင်းဆွေးနွေးသည်။ စိုက်ပျိုးရေး ဦးစီးဌာန    မြို့နယ်ဦးစီးမှူး   ဒေါ်ခင်မြတ်မြတ်ဦးက   ယူရီးယား ဓာတ်မြေသြဇာ စနစ်တကျ အကျိုးရှိရှိသုံးစွဲရေး  နည်းပညာများကို ရှင်းလင်းဆွေးနွေးသည်။  ထို့နောက်    မိုးစပါးဘက်စုံပိုးမွှားရောဂါ  ကြိုတင်ကာကွယ်နှိမ်နင်းနည်း    ပညာပေးသင်တန်းကို       ဆက်လက် ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မာလာနွယ်က စပါးသီးနှံ   ပိုးမွှားရောဂါ  ကြိုတင်ကာကွယ်ရေး  နည်းပညာများကို အသေးစိတ် ရှင်းလင်းဆွေးနွေးပို့ချပြီး ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာခိုင်ကဓာတ်မြေသြဇာနှင့်  သဘာဝမြေသြဇာ  တွဲဖက်အသုံးပြုနည်းများ၊ ထရိုင်ဂိုဒါးမား ဥကပ်ပါးနကျယ်  မွေးမြူရေးဓာတ်ခွဲခန်း၌    ဥကပ်ပါး နကျယ်မွေးမြူခြင်းအဆင့်ဆင့်  လုပ်ငန်းစဉ်များကို  လက်တွေ့ရှင်းလင်း ဆွေးနွေးပြသသည်။

 


သက်သာသောစျေးနှုန်းဖြင့် ယူရီးယားဓာတ်မြေသြဇာအိတ်များ ရောင်းချပေးခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်၊ လယ်ယာမြေစီမံခန့်ခွဲရေး စာရင်းအင်းဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးညွန့်အောင်၊ ဓာတ်မြေသြဇာ သယ်ယူဖြန့်ဖြူးရောင်းချရေး ကော်မတီအဖွဲ့ဝင်များ၊   စိုက်ပျိုးရေးဦးစီးဌာန   မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု ငါးအုပ်စုမှဒေသခံတောင်သူ ၁၃၅ ဦး စုစုပေါင်း ၁၅၀ ကျော် တက်ရောက်ပြီး တာဝန်ရှိသူများက တောင်သူများ လက်ဝယ်သို့ ယူရီးယားဓာတ်မြေသြဇာအိတ်များ ဖြန့်ဖြူးရောင်းချပေး ကြောင်း သိရသည်။                                  

ဝင်းမြင့်အောင်(ပြန်ဆက်)