
ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)
(ယမန်နေ့မှအဆက်)
ယုံကြည်နိုင်လောက်တဲ့ ပညာရှင်တွေ
သမ္မတဟောင်း ဘီလ်ကလင်တန်ဟာ အမေရိကန်သိပ္ပံပညာရှင် တွေ၊ ဒီပညာရှင်တွေ အလုပ်လုပ်ကြတဲ့ ပုဂ္ဂလိကနဲ့ အစိုးရတက္ကသိုလ် တွေ၊ ကုမ္ပဏီကြီးတွေကို ယုံကြည်ခဲ့သူဖြစ်ပါတယ်။ ယုံကြည်နိုင် လောက်အောင်လည်း ပညာရှင်တွေ၊ ကုမ္ပဏီတွေက အမေရိကန်လူမျိုးတို့ အတွက် ရပ်တည်ခဲ့ကြတယ်။ လူ့ယဉ်ကျေးမှုကြီးအတွက်ပင် ဆောင်ရွက်ခဲ့တဲ့သဘောရှိပါတယ်။ ဉာဏစွမ်းအား၊ နည်းပညာစွမ်းအား နဲ့ အရင်းအနှီးမျိုးစုံနဲ့ မြှုပ်နှံတဲ့သဘောရှိပါတယ်။ တစ်ဖက်ကကြည့်ရင် လည်း ယှဉ်ပြိုင်မှုကြီးထဲမှာ အမေရိကန်တို့ဟာ လွှမ်းမိုးနိုင်ရေး ကြိုးစားအားထုတ်ခြင်းတစ်မျိုးပဲ။ အခြား ဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ အင်္ဂလန်၊ ဂျပန်နဲ့ ဥရောပ၊ ကိုရီးယားနိုင်ငံတို့ဟာလည်း ဒီသဘောဆောင်ပါတယ်။
ဒီကဏ္ဍမှာ မြန်မာတက္ကသိုလ်ကြီးများမှာရှိတဲ့ ဓာတုဗေဒ၊ ဇီဝ ဓာတုဗေဒ၊ ရူပဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ ပညာရှင်တွေဟာ ကြိုးပမ်း ကြဖို့ သိနေကြပါတယ်။ ဒါပေမယ့်လည်း ဒေသအလိုက် လိုအပ်ချက်ကို ကျော်လွန်စဉ်းစားလို့ မရနိုင်သေးတဲ့ အခြေအနေ၊ အထူးသဖြင့် ရန်ပုံငွေနဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပါဝင်လာမှ ဖြစ်နိုင် တဲ့ကိစ္စ။ အစိုးရပုဂ္ဂလိကပူးပေါင်း (Public, private, partnership) သုံးပွင့်ဆိုင် ဆောင်ရွက်ရမယ့် အနေအထားဖြစ်ပါတယ်။ နိုင်ငံအနေနဲ့ အမြဲလိုလို အစိုးရကိုချည်း အားကိုးနေလို့မဖြစ်တဲ့ ၂၁ ရာစုသစ်ရဲ့ သဘောကို ပြည်သူတစ်ရပ်လုံးက နားလည်ကြရပါမယ်။ ၁၉၅၄ ခုနှစ် များမှာ ဖွံ့ဖြိုးမှုအလားအလာ အကောင်းဆုံးနိုင်ငံဟာ မြန်မာနိုင်ငံလို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ပါတယ်။ သဘာဝသယံဇာတ ကြွယ်ဝမှုနဲ့ လွတ်လပ်စနိုင်ငံ၊ မြန်မာတို့ရဲ့ ရိုးသားကြိုးစားမှုကို အခြေပြုပြီး ပြောတာဖြစ်မယ်။
နှစ်ဆယ်ရာစု ကမ္ဘာ့အခြေအနေ
ရာစုနှစ်ပေါင်းများစွာက အတိတ်ကာလမှာ စိုက်ပျိုးထုတ်လုပ်မှု အပေါ်နဲ့ စက်မှုထွန်းကားမှုအပေါ် စီးပွားရေးဖွံ့ဖြိုးမှုဟာ တည်မှီခဲ့ပါ တယ်။ သဘာဝအရင်းအမြစ် ပေါကြွယ်ဝမှုနဲ့ မြေသယံဇာတ ပေါကြွယ်ဝရင် အကျိုးထူးဖြစ်ခဲ့ပါတယ်။ နိုင်ဂျီးရီးယား၊ မက္ကဆီကို၊ ဆော်ဒီအာရေးဗီးယား၊ ဗင်နီဇွဲလားနိုင်ငံတွေဟာ ရေနံနဲ့ ချမ်းသာ ခဲ့ပါတယ်။ တောင်အာဖရိက၊ ကွန်ဂို၊ ကိုလမ်ဘီယာ (Colombia) နိုင်ငံတွေကတော့ စိန်၊ ရွှေ၊ ကျောက်သံ ပတ္တမြားတွေကြောင့် ချမ်းသာ ခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်အထိ လက်ဘနွန်နဲ့ ယူဂန္ဓာနိုင်ငံတို့ဟာ ချမ်းသာလျက် ရှိကြပါတယ်။ အင်ဒိုနီးရှား၊ ဘရာဇီးနဲ့ အာဂျင်တီးနား နိုင်ငံတွေကတော့ သစ်တောနဲ့ သတ္တုသယံဇာတတွေကြောင့် ချမ်းသာ ခဲ့သော်လည်း ယခုအခါမှာ ယခင်ကကဲ့သို့မဟုတ်တော့တာ တွေ့ရတယ် လို့ ဆိုပါတယ်။ ယနေ့အချိန်အခါမှာ ဒါတွေဟာ အကျိုးထူးမဟုတ်၊ မက်စရာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
ဒီနိုင်ငံတွေအတွက် ရွေးချယ်စရာလမ်းနှစ်သွယ်ရှိပါတယ်။ တစ်ခု က ပြည်သူတွေကို ပညာတတ်အောင် သင်ပေးရမယ်။ နောက်တစ်ခုက “ပိုနေမြဲ ကျားနေမြဲ” ဆိုသလို ဆင်းရဲတဲ့ဘဝကို ပျော်သလိုနေကြဖို့ပဲ ဖြစ်တယ်။ ရေရှည်မှာ မလွဲဧကန် ဆင်းရဲလိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ပထမလမ်းသွယ်ကို ရွေးချယ်သူတွေဟာ ပညာဗဟိုပြု စီးပွားရေးကို တည်ထောင်ကြပြီး ကြီးပွားချမ်းသာလာကြလိမ့်မယ်။
၁၉၅၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့က ပေကျင်း(Beijing) မြောက်ဘက် မိုင် ၅၀၀ အကွာ ကျီလင်ပြည်နယ် ဆီချွန်းမြို့မှာ တရုတ်မော်တော်ကား စက်ရုံကြီး တည်ထောင်ခဲ့ပါတယ်။ ဆိုဗီယက်နည်းပညာရှင်တွေနဲ့ စခဲ့ပါတယ်။ နည်းပညာရဖို့ တရုတ်အင်ဂျင်နီယာ ၇၀၀ ကျော်ကိုလည်း ရွေးချယ်ပြီး ဆိုဗီယက်ကို ပို့ခဲ့ပါတယ်။ အဲဒီလူငယ်ပညာတတ်တွေထဲမှာ နောင်အခါ သမ္မတဖြစ်လာမယ့် နာမည်ကျော် ကျန်ဇီမင်း ပါဝင်ခဲ့ပါတယ်။ ၂၀ ရာစု နှောင်းပိုင်းလောက်မှာ တရုတ်သိပ္ပံနဲ့ နည်းပညာရှင်ပေါင်းဟာ သန်းနှစ်ဆယ်ကျော်ထိ ရှိလာတော့ အရှေ့တောင်အာရှကို လွှမ်းလာ တာ တွေ့ရပါတယ်။ သိပ္ပံနဲ့နည်းပညာဟာ ပို၍ အခရာကျတာ တွေ့ရမှာ ဖြစ်ပါတယ်၊၊
၁၉၉၀ ပြည့်နှစ်လောက်မှာ နိုင်ငံတကာ ယှဉ်ပြိုင်မှုတွေဟာ ပြင်းထန်လာပါတယ်။ တရုတ်နိုင်ငံရဲ့ သိပ္ပံနဲ့ နည်းပညာဟာလည်း အိပ်ရာက နိုးထလာသလို ကမ္ဘာ့မြင်ကွင်းမှာ ပေါ်လာခဲ့ပါတယ်။ လကမ္ဘာကို ဂြိုဟ်တုလွှတ်တင်နိုင်တဲ့အဆင့်ထိ မြင့်မားတဲ့ နည်းပညာ ရရှိလာတာကို တွေ့ရပါတယ်။ ထိုနှစ်များမှာပဲ ဂျပန်နဲ့ ဥရောပ ကလေး တွေရဲ့ သိပ္ပံဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးဟာ အမေရိကန်ကလေးတွေ ထက် သာလွန်တာကို တွေ့ရပါတယ်။
၁၉၉၈ ခုနှစ် ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ အမေရိကန်၊ ကနေဒါ၊ ရုရှား နိုင်ငံတွေဟာ နယ်မြေကျယ်ဝန်းပြီး သယံဇာတပေါကြွယ်ဝတဲ့နိုင်ငံ တွေဆိုသော်လည်း အမေရိကန်ဟာ အချမ်းသာဆုံးမဟုတ်၊ နံပါတ် ၁၀ နေရာမှာ ရှိပါတယ်။ ကနေဒါကတော့ နံပါတ် ၂၆ မှာ ရှိတယ်လို့ဆိုပါ တယ်။ အမေရိကန်တို့ချမ်းသာတာဟာ အများအားဖြင့် နိုင်ငံခြားမှာ မွေးဖွားခဲ့ပြီး အမေရိကန်မှာရောက်၊ စွန့်ဦးတီထွင်မှုတွေကြောင့် အမေရိကန်ဟာ ရှေ့နားရောက်တာလို့ သုံးသပ်တာတွေ့ရပါတယ်။
လူတို့ဟာ စိုက်ပျိုးရေးခေတ်မှာ လယ်ယာလုပ်သားဘဝနဲ့ နှစ်ပေါင်းရှစ်ထောင်နီးပါး ကျင်လည်ခဲ့ရပါတယ်။ စက်မှုခေတ်ကိုလည်း နှစ်ပေါင်း ၁၅၀ ကျော် ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတွေရှိခဲ့ပါတယ်။ တချို့နိုင်ငံ တွေဟာ သမိုင်းကြောင်း ယဉ်ကျေးမှုအမွေအနှစ်ကြောင်းတွေကို မြိန်ရေရှက်ရေ ချီးမွမ်းခန်းထုတ်နေကြတယ်လို့ စီးပွားရေးပညာရှင်၊ နိုင်ငံရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။ ဒီသုံးသပ်ချက်ဟာ ရှေးရိုးစဉ်လာ အစွဲအလမ်းကြီးသူ သို့မဟုတ် အထည်ကြီးပျက်၊ ဆင်းရဲတွင်းနက်သွားတဲ့ နိုင်ငံတို့အပေါ် ထိုးနှက်တဲ့သဘောဆောင် တယ်လို့ ယူဆရပါတယ်။ ပညာနဲ့နည်းပညာ နည်းရကောင်းလားဆိုတဲ့ အပြစ်တင်တဲ့ သဘောလည်းဆောင်ပါတယ်။
ဆိုဗီယက်က စပွတ်နစ်ခ် ဂြိုဟ်တု
၁၉၅၇ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့မှာ ဆိုဗီယက်က စပွတ်နစ်ခ် (Sputnik) ဂြိုဟ်တုတစ်လုံး ကောင်းကင်မှာ လွှတ်တင်ခဲ့ပါတယ်။ ဆိုဗီယက်တို့ဟာ အာကာသကို ဂြိုဟ်တုတွေ လွှတ်တင်ပြီး လကမ္ဘာကို လူမဲ့ ဂြိုဟ်တုတွေ လွှတ်တင်နိုင်တာကို ကမ္ဘာက သိသွားတဲ့အခါ အမေရိကန်တို့ စိတ်ပူ၊ တုန်လှုပ်ချောက်ချားစရာ ဖြစ်ခဲ့ပါတယ်။
အာကာသစိုးမိုးရေးဟာ စစ်ရေးမျက်စိနဲ့ကြည့်ရင် ပင်လယ်ရေထု စိုးမိုးရေးထက် ပိုအရေးကြီးလေတော့ ကာကွယ်ရေးကိစ္စဟာ အမေရိကန်အစိုးရနဲ့ လွှတ်တော်ကိစ္စဖြစ်လာပါတယ်။ အမေရိကန်တို့ရဲ့ လိုအင်တစ်ခုကတော့ ကာကွယ်ရေး၊ စစ်ရေးအတွက် ကောင်းကင်ယံ မှာ ဆိုဗီယက်တို့ကဲ့သို့ ပါဝင်နိုင်ရေး NASA (National Aeronautics and Space Administration) ပြည်သူ့အဖွဲ့အစည်းတစ်ရပ် သုတေသန တွေလုပ်နိုင်ဖို့ သုတေသီတွေကို မွေးထုတ်ခဲ့ပါတယ်။
သမ္မတ ဂျွန်အက်ဖ်ကနေဒီဟာ (J.F Kennedy) ဒီကိစ္စနဲ့ ပတ်သက် ပြီး ရိုက်စ် တက္ကသိုလ် (“Rice University”) မှာ အစိုးရရဲ့လုပ်ငန်းစဉ်တွေ ကို ဟောပြောခဲ့ပါတယ်။ နိုင်ငံရဲ့အရေးအတွက် တက္ကသိုလ်ပညာရှင်တွေ၊ နည်းပညာရှင်တွေ ပူးပေါင်းပါဝင်ရေး ဟောပြောခဲ့ပါတယ်။ လကမ္ဘာကို လူဆင်းစူးစမ်းဖို့ ဒီကြိုးပမ်းမှုဟာ ခက်ခဲမယ်၊ ကုန်ကျစရိတ်မြင့်မယ်၊ စွန့်စားမှုလုပ်ရမယ့် ကိစ္စဖြစ်ကြောင်း၊ လူလိုက်ပါတဲ့ ဂြိုဟ်တုလွှတ်တင် ရေးဟာ လွယ်ကူလို့ လွှတ်တင်တာမဟုတ်၊ ခက်ခဲမှန်းသိတာမို့ ခက်ခဲတဲ့ အလုပ်ကို အောင်မြင်အောင်လုပ်တာဖြစ်ကြောင်း၊ မိမိနိုင်ငံအနေနဲ့ နောက်ကျကျန်ရစ်နေတဲ့ အခြေအနေကို ကွက်လပ်ဖြည့်စွက်ရတာ ဖြစ်လို့ တက္ကသိုလ်ကလည်း ပါဝင်ဖို့ တိုက်တွန်းပြောကြားတာကို တွေ့ရပါတယ်။ စောင့်ကြည့်ငြိမ်သက်နေမယ်ဆိုတဲ့ သူတွေဟာ နောက် ကျန်ခဲ့မယ်၊ ရှေ့ကိုသွားတဲ့သူတွေနဲ့ အာကာသစိုးမိုးရေးဟာ အောင်မြင် မှာဖြစ်ကြောင်း၊ အံ့သြရမယ့် ကိစ္စဖြစ်ကြောင်း၊ ကြီးမားတဲ့လှုပ်ရှားမှုတွေ ဟာ အခက်အခဲတွဲပါလာတတ်ကြောင်း ပြောခဲ့ပါတယ်။ ဖြစ်ပေါ်လာ မယ့် အခြေအနေကို ပြည်သူက မီးစင်ကြည့်ကကြပေလိမ့်မယ်လို့ သဘောမထားဘဲ “ကောလိပ်တို့ဟာ ပညာရှာ၊ နည်းပညာရှာဖွေဖို့၊ မြို့ရွာ မြို့တော်တွေဟာ တိုးတက်ဖို့နဲ့ နိုင်ငံတော်ဟာ အင်အား တောင့်တင်းဖို့ ဒီသုံးချက်အတွက် အမေရိကန်တို့ဟာ ဦးတည်ဖို့” တိုက်တွန်းခဲ့တယ်။ ဂျွန်အက်ဖ်ကနေဒီဟာ အသက်အငယ်ဆုံး သမ္မတ၊ သမ္မတရဲ့မှတ်ချက်များဟာ အမေရိကန်တို့အတွက် အကြီးအကျယ် ပြောင်းလဲစေခဲ့ပါတယ်။
အမေရိကန်တို့ဟာ ၁၉၆၀ ပြည့်နှစ်နောက်ပိုင်းမှာ သူတို့ရဲ့ တက္ကသိုလ်ပေါင်း ၂၀၀၀ ကျော်အထိ ဖွင့်လှစ်ပြီး ကျောင်းသား ၃ ဒသမ ၆ သန်းကို သိပ္ပံနဲ့ နည်းပညာနယ်ပယ်မှာ ဇောက်ချသင်ပေးခဲ့ပါ တယ်။ ၁၉၆၅ ခုနှစ်မှာ “အားလုံးအတွက် ပညာရေး၊ အားလုံးအတွက် သိပ္ပံ” “Education for all, Science for all” ဆိုပြီး တစ်နိုင်ငံလုံးကို အင်တိုက်အားတိုက် မောင်းနှင်ခဲ့ပါတယ်။ လူအများစုအတွက် လက်ငင်း အကျိုးပြုမယ့် စက်မှုနဲ့ စိုက်ပျိုးရေးအားသန်တဲ့ တက္ကသိုလ်၊ ကောလိပ် တွေ အလျင်အမြန် ပေါ်ပေါက်ခဲ့တာကို တွေ့ရပါတယ်၊၊ နိုင်ငံရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အားထုတ်ခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့ပိုင်းပင်လယ်ကမ်းခြေမှာရှိတဲ့ တကသိုလ်ကြီးတွေ၊ ကမ္ဘာအရပ်ရပ်က တက္ကသိုလ်တွေဟာ တစ်ထီး တစ်နန်းမဟုတ်။ ပြည်သူလူထုလိုအပ်ချက်၊ နိုင်ငံရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းအားထားရာ အရင်းအမြစ်ဖြစ်တာ တွေ့ရပါတယ်။ ပြည်တွင်းငြိမ်းချမ်းမှုရှိတော့ လူအား၊ ငွေအားတွေ ပုံအောပြီးသုံးနိုင် ခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်မှာ အမေရိကန်ဆီးနိတ်တာ (Senator) ဂျွန်အက်ဖ်ကနေဒီဟာ ဒုတိယသမ္မတဖြစ်တဲ့ နစ်ဆင်နဲ့ သမ္မတလောင်း ရွေးချယ်ရေး စကားရည်ထိုးပွဲမှာ−
“အမေရိကန်တို့ဟာ ဆိုဗီယက် ရုရှား၊ ကရင်မလင်က လူတွေနဲ့ ယှဉ်ပြိုင်နေရတာသာမကတော့ဘူး၊ ပီကင်းက လူတွေနဲ့လည်း ယှဉ်ပြိုင် နေရကြောင်း၊ ဆိုဗီယက်တို့ဟာ တိုင်းပြည်အတွက် လျှပ်စစ်ဓာတ်အား တွေ ထုတ်လုပ်သုံးစွဲနေပေမယ့်လည်း အမေရိကန်နိုင်ငံရဲ့ စွမ်းအင် ကဏ္ဍကို အားမရကြောင်း။
ကလေးတွေကျောင်းသွားတဲ့အခါမှာ မူးယစ်ဆေးဝါးနဲ့ လက်နက် စွဲကိုင်ပစ်ခတ်မှုတွေကို ကင်းစင်အောင် လုပ်ရမယ်။
ဆရာ ဆရာမများ ဘဝရှေ့ရေးတွေ သင်ကြားမှုမြှင့်တင်ရေး၊ သူတို့ ရဲ့ ဘဝသာယာဝပြောရေးကို ပို၍ ရှေးရှုကြရမယ်။ အလုပ်အကိုင် အခွင့် အလမ်းတွေ ပိုမိုပေါ်ထွန်းရေး လုပ်ပေးရမယ်” ဆိုတဲ့ အချက်အလက် အထောက်အထားတွေနဲ့ သမ္မတလောင်းပြိုင်ပွဲဝင်တာကို တွေ့ရပါတယ်။”
သိပ္ပံပညာရှင်ဆိုသည်
မြန်မာနိုင်ငံကတော့ “အားလုံးအတွက် သိပ္ပံ ပညာရေး” “Science for all” မလုပ်နိုင်သေးဘူးလို့ ပြောရပါလိမ့်မယ်။ ကျွန်တော် တို့တစ်တွေဟာ ၂၁ ရာစုမှာပင် သိပ္ပံပညာဆိုသည် ဘာလဲဆိုတာကို ကောင်းကောင်းနားမလည်ခြင်းဘဲ ဖြစ်တယ်လို့ ပြောကြပါတယ်။ သိပ္ပံသည် အရာခပ်သိမ်းဆုံစည်းရာ အဆက်အစပ် အကျိုးအကြောင်း ရှိသည့် ကိစ္စတို့ကို လေ့လာခြင်းပဲ။ သိပ္ပံပညာရှင်တွေဟာ သမားရိုးကျ၊ အပေါ်ယံလျှပ်ပြီး ရှင်းလင်းသည် မဟုတ်၊ အဖြေတို့ကို လွယ်လွယ်ကူကူ ယုံကြည်လေ့မရှိ၊ သံသယရှိကြသည်ကို တွေ့ရပါလိမ့်မယ်။ ထိုစိတ်နဲ့ အဖြေကိုရောက်အောင်၊ ပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးနိုင် လေ့ရှိတယ်။ ဒီမှာတင် သာမန်လူတို့နဲ့ သိပ္ပံသဘော နားလည်သူတို့ ကွာခြားသွားပါပြီ။
သိပ္ပံပညာရှင်တွေဟာ သူတို့ရဲ့ဦးနှောက်ကိုသုံးတယ်၊ စဉ်းစားလေ့ ရှိတယ်၊ အထောက်အထား အချက်အလက်တွေ စုဆောင်းပြီး ခွဲခြမ်း စိတ်ဖြာလေ့ရှိတယ်၊ ဘက်ပေါင်းစုံ ရှုထောင့်စုံက ဂရုတစိုက် စိစစ်လေ့ ရှိတယ်။ ရှည်လျားထွေပြားတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ ရံဖန်ရံခါ ဆိုသလို သိပ္ပံပညာရှင်တို့ဟာ အရေးပါတယ်။ အခရာကျတဲ့ ဇာစ်မြစ် ကို မြင်တွေ့ကြသူတွေဖြစ်တယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်မှာ သိပ္ပံနဲ့ နည်းပညာက တိုင်းပြည်အလျင်အမြန် ဖွံ့ဖြိုးရေးအတွက် ထိရောက်ကြောင်းသိတော့ သိပ္ပံပညာကို ဦးစားပေးသင်ကြားမယ်ဆိုတဲ့ ပေါ်လစီချခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် အစစ်အမှန် လိုအပ်ချက်ကြီးဖြစ်ခဲ့ပါတယ်။ “အားလုံးအတွက်ပညာရေး” လို့ မြန်မာတို့ပြောနေတဲ့ အချိန်မှာ အဆင့်မြင့်ပြီးနိုင်ငံတွေမှာ “အားလုံးအတွက် အကောင်းဆုံး” (Excellence for all) လို့ ပြောင်းလဲခေါ်တဲ့အထိ သူတို့ရဲ့ ပညာ အရည်အသွေးမြှင့်ဖို့ အားထုတ်တာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးများလို “အားလုံး အတွက်အကောင်းဆုံး” မလုပ်နိုင်သေးဘူးလို့ ပြောနိုင်ပါတယ်။ မြန်မာ နိုင်ငံရဲ့ ပညာရေးဟာ ဝေဖန်သုံးသပ်နိုင်ခြင်း၊ တီထွင်ကြံဆနိုင်ခြင်း နယ်ပယ်သစ်တွေကို လေ့လာ၊ ဖန်တီးနိုင်စွမ်းရှိအောင် မျှော်မှန်းပြီး ဆောင်ရွက်ကြရမယ့် ခရီးရှည်ဖြစ်ပါတယ်။ ဘဝသစ်ဖန်တီးနိုင်ဖို့ လူ့အဖွဲ့အစည်းအတွင်းမှာ မရှိသေးတဲ့ နည်းပညာတွေနဲ့ ကျွမ်းကျင်မှု အဖုံဖုံကို ပညာရေးက ဆောင်ကြဉ်း ပေးရပါလိမ့်မယ်။ လူ့စွမ်းအား အရင်းအမြစ်ဟာ ပြည်သူတို့အတွက် ဝန်ဆောင်မှုပေးရာမှာ တန်ဖိုး အရှိဆုံးအမှတ်သို့ရောက်ဖို့ စူးစိုက်ရပါမယ်။ အားထုတ်ရပါမယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာနီးပါးက သိပ္ပံပညာ
လူရဲ့ယဉ်ကျေးမှုကြီး တစ်လျှောက်မှာ စက်မှုခေတ်၊ အဏုမြူခေတ်၊ ICT ခေတ်ကို ဖြတ်သန်းဆဲ ဖြတ်သန်းလျက်ရှိတာ တွေ့ရမှာဖြစ်ပါ တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာနီးပါးက သိပ္ပံပညာဟာ ဥရောပမှာ ထွန်းကားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီသိပ္ပံပညာထွန်းကားဖို့ စဉ်းစား တွေးခေါ်မှု အရင်းအမြစ်အားလုံးဟာ နိုင်းမြစ်ဝှမ်း၊ ယူဖရေးတီးစ်၊ တီးဂရစ်၊ ဂင်္ဂါ၊ ဧရာဝတီ၊ မဲခေါင်၊ တရုတ်ပြည်ထဲက မြစ်ဝှမ်းတွေမှာ စတင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ မြစ်ဝှမ်းတွေက စီးဆင်းလာခဲ့တဲ့ စဉ်းစားတွေးခေါ်မှုတွေ၊ လောကနီတိတွေ၊ သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိမှု ရှိခဲ့ကြတာဖြစ်တယ်။ သိပ္ပံနဲ့ နည်းပညာတိုးတက်မှုကိုယ်၌ကိုက လူနေမှုအဆင့်အတန်း ညီညွတ်မျှတမြင့်မားစေဖို့ အခွင့်အလမ်းတွေ ပါဝင်ပါတယ်။ ဒါတွေကို အကောင်းဘက်ဆွဲယူပြီး လူသားတွေအတွက် သုံးစွဲနိုင်မယ်ဆိုရင် သိပ္ပံနဲ့ နည်းပညာတိုးတက်မှုကို လူသားအားလုံးက ကြိုဆိုရမှာ ဖြစ်ပါတယ်။
နိုင်ငံကြီးငယ်မဟူ ရှေ့ရေးအတွက် ရပ်တည်နိုင်ဖို့
၁၉၇၄ ခုနှစ်မှာ စင်ကာပူနဲ့ ထိုင်ဝမ်တို့ဟာ တက္ကသိုလ်ဝင်ခွင့်ကို ပြင်းပြင်းထန်ထန် တင်းကျပ်ခဲ့ပါတယ်။ သိပ္ပံပညာတတ်မြောက်ရေးကို အလေးထားဆောင်ရွက်ခဲ့ပါတယ်။ စက်ရုံတွေ ကြီးထွားလာခဲ့ပါ တယ်။ ၁၉၅၀ ပြည့်နှစ်မှာ စင်ကာပူဟာ ကျွန်းနိုင်ငံ၊ တံငါရွာ၊ ဗြိတိသျှ အောက်က။ ၁၉၆၅ ခုနှစ်ထိ နိုင်ငံတစ်နိုင်ငံအဖြစ် မရပ်တည်နိုင်သေးဘဲ စင်ကာပူဟာ ၁၉၆၀ ပြည့်နှစ်များအထိ ဗြိတိသျှရဲ့ “God Save the Queen”၊ ဂျပန်ရဲ့ “Kimigayo” နဲ့ မလေးရှားနိုင်ငံရဲ့ “Negara Ku” နိုင်ငံတော်သီချင်းများ သီဆိုရင်း ကြီးပြင်းလာခဲ့ရတယ်။
စင်ကာပူထက် ဂါနာ၊ မြန်မာနဲ့ သီရိလင်္ကာနိုင်ငံတို့ဟာ ချမ်းသာ ဟန်ရှိ၊ အလားအလာကောင်းတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ စင်ကာပူရဲ့ အနာဂတ်ဟာ မရေမရာဖြစ်လေတော့ စင်ကာပူခေါင်းဆောင်တွေဟာ မလေးရှားသွားပြီး ပြည်နယ်တစ်ခုအဖြစ် ရပ်တည်ခွင့်ပေးမလားဆိုပြီး မေးမြန်းဆွေးနွေးခဲ့ရာ မလေးရှားခေါင်းဆောင်များဟာ စင်ကာပူကို မလေးရှားထဲ ထားရှိပါက ပိုဆင်းရဲဖွယ်ဖြစ်မယ်ဆိုပြီး လက်မခံခဲ့ ကြောင်း ဖတ်ရှုရပါတယ်။ စင်ကာပူဟာ ရွေးချယ်စရာလမ်း မရှိခဲ့ပါဘူး၊ ခေါင်းဆောင်လီကွမ်ယုဟာ နည်းပညာဘက်နဲ့ ရင်းနှီးမြှုပ်နှံမှုဘက် ကို ဇောင်းပေးခဲ့ပါတယ်။ ပညာရေးနဲ့ ထူးချွန်ထက်မြက်သူတွေ မွေးထုတ်ခဲ့ပါတယ်။ စင်ကာပူဟာ လွတ်လပ်ရေးရတော့မှ စင်ကာပူရဲ့ နိုင်ငံတော်သီချင်းကို သီဆိုနိုင်ပါတော့တယ်။
၁၉၇၅ ခုနှစ်မှာ စင်ကာပူဟာ အီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ် ရေးမှာ ရှေ့တန်းရောက်လာခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး အနှစ် နှစ်ဆယ်အကြာ ၁၉၈၅ ခုနှစ်မှာ စင်ကာပူတစ်ဦးချင်းဝင်ငွေဟာ ဒေါ်လာ ၈၁၁၆ အထိ ရောက်လာပါတယ်။ ၁၉၉၉ ခုနှစ်မှာ ဗြိတိန်လူမျိုးတွေ ထက် နှစ်ရာခိုင်နှုန်း ချမ်းသာတာ တွေ့ရှိရပါတယ်။ စင်ကာပူရဲ့ ယနေ့ လူနေမှုအဆင့်အတန်းဟာ အမေရိကန်တို့ရဲ့ လူနေမှုအဆင့်နဲ့ ယှဉ်နိုင် တာကို တွေ့ရှိရပါတယ်။ စင်ကာပူ အမျိုးသားတက္ကသိုလ်ဟာ အာရှမှာ အဆင့်မြင့်တဲ့ တက္ကသိုလ်အဖြစ် ရပ်တည်တာတွေ့ရပါတယ်။
ဥရောပ၊ အမေရိကန်၊ ဂျပန်လူမျိုးတို့ဟာ ကျောင်းတက်တာ၊ တက္ကသိုလ်ပညာသင်တာ စဉ်းစားဆင်ခြင်နိုင်ဖို့၊ အမြော်အမြင်ရှိဖို့၊ ကျွမ်းကျင်မှု အမျိုးစုံအမယ်စုံရှိဖို့ ဖြစ်ပါတယ်။ အစိုးရဝန်ထမ်းဖြစ်ဖို့၊ အစိုးရအလုပ်လုပ်ဖို့ တစ်မျိုးတည်းစဉ်းစားတာမဟုတ်၊၊ ပုဂ္ဂလိက လုပ်ငန်းတွေ ထူထောင်နိုင်ဖို့ အထူးသဖြင့် တက္ကသိုလ်တွေက ပညာ သင်ပေးတာဖြစ်ပါတယ်။
ယနေ့ တိုးတက်ပြီ၊ ချမ်းသာပြီဆိုတဲ့ နိုင်ငံတွေဟာ ဒီလိုပဲ အမြဲ တိုးတက်ချမ်းသာမြဲ ချမ်းသာနေကြမှာလား။ ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ တွေဟာလည်း အမြဲပဲဒုက္ခပင်လယ်ဝေနေဦးမှာလား။ ဒီလို အမြဲမဟုတ် ကြပါဘူး။ လူတိုင်း၊ နိုင်ငံတိုင်းမှာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ စိန်ခေါ်မှုတွေရှိသလို အခွင့်အလမ်းတွေလည်း ရှိတယ်ဆိုတာ သိဖို့၊ ရှုဖို့၊ စဉ်းစားဖို့၊ သင်ယူဖို့ က အဓိကကျကြောင်း အာဖရိက ကျေးလက်ပုံပြင်လေးက ကမ္ဘာကို ဒီလို ပြောကြားလိုက်ပါတယ်။
“နံနက်အချိန်ရောက်တိုင်း သမင်၊ ဒရယ်၊ ချေ(ဂျီ)ငယ်လေးတွေက အိပ်ရာကထ စဉ်းစားကြပါတယ်။ တို့တစ်တွေ အသက်ရှင်ဖို့ဆိုရင် အလွန် လျင်မြန်တဲ့ ကျား၊ ကျားသစ်၊ ခြင်္သေ့တွေထက် ပိုမြန် အောင် ပြေးနိုင်မှဖြစ်မယ်။ အာဖရိကလွင်ပြင်နဲ့ တောင်ကုန်းပေါ်က သားရဲ တိရစ္ဆာန် သတ္တဝါကြီးတွေကလည်း စဉ်းစားပြန်တယ်။ တို့တစ်တွေ အစာပြတ်လို့ မဖြစ်ဘူး။ အပြေးနှေးတဲ့ သတ္တဝါလေး တွေထက် မြန်မြန်ပြေး သားကောင်ဖမ်းနိုင်မှ ငတ်မွတ်ခေါင်းပါး ခြင်းမှ ကင်းဝေးမယ်တဲ့။”
ဒီပုံပြင်လေးက ပြောတဲ့စကားကို နိုင်ငံကြီးငယ်မဟူ ရှေ့ရေး အတွက် မှတ်ယူကျင့်သုံးကြတာကို တွေ့ရပါတယ်။ ကြီးငယ်မဟူ သတ္တဝါတွေဟာ တောကြီးတောင်ကြီးထဲမှာ ရပ်တည်နိုင်ဖို့ သင်ယူကြ ရတာချည်းပဲ။
ဒီတော့ …မြန်မာတို့ကိုယ်တိုင် ဘာတွေပြင်ဆင် သင်ယူကြရပါ မလဲ။
ရွေးချယ်စရာလမ်းနှစ်သွယ်ရှိပါတယ်။ တစ်ခုက ခရစ်နှစ် ၂၀၃၀ ပြည့်နှစ်မှာ နိုင်ငံ့အင်အား တောင့်တင်းဖို့ လူသားအရင်းအမြစ်မှန်သမျှကို အဖိုးတန်သထက်တန်အောင် တစ်သက်တာလုံး သင်ယူနေကြရဦးမယ်။ ပြည်သူတွေ ပညာတတ်အောင် သင်ရမယ်။ ပညာလွှမ်းမိုးတဲ့ လူ့အဖွဲ့ အစည်းဖြစ်ဖို့ သိပ္ပံပညာရပ်ထူးချွန်ရေး တစ်သက်တာ သင်ယူနေတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ မျှော်မှန်းပြီး အားထုတ်နေကြရမှာ ဖြစ်ပါတယ်။ ပညာရေးဟာ အသိပညာ အတတ်ပညာနည်းပညာနဲ့ ဟန်ချက်ညီညီ ပါလာရမယ့် သုတေသနဌာနကြီးတွေ၊ စက်ရုံအလုပ်ရုံတွေ မယ်မယ်ရရ ပါမလာတာကြောင့် မြန်မာ့ပညာရေးဟာ အားနည်းသယောင်ဖြစ်နေပါ တယ်။ စက်မှုလုပ်ငန်းကျွမ်းကျင်သူတွေဟာလည်း ယနေ့ထိရှားပါး ပစ္စည်းဖြစ်နေပါတယ်။ စက်မှုနိုင်ငံမဆိုထားဘိ၊ စက်မှုလယ်ယာမှာပင် ချည့်နဲ့နေဆဲ၊ တစ်ပိုင်တစ်နိုင် တစ်အုပ်တစ်မနဲ့ သွားနေရဆဲဖြစ်ပါတယ်။
နောက်တစ်ခုက “ပိုနေမြဲ ကျားနေမြဲ” ဆိုသလို လက်ရှိဘဝကို ပျော်သလိုနေကြဖို့ပဲ။ သမားရိုးကျနည်းနဲ့ဆိုရင် ဘယ်ကိစ္စမှ မည်မည် ရရ ဖြစ်ထွန်းနိုင်မှာမဟုတ်၊ ဘာကြောင့်ပါလဲ၊ လုပ်ရိုးလုပ်စဉ်၊ မိရိုးဖလာ အတိုင်း လုပ်လို့မရတဲ့ခေတ်ထဲမှာ ရောက်နေလို့ပဲ။ ယခင်ကလို မိဘ တစ်ဦးက အလုပ်လုပ်ရုံနဲ့ မိသားစုဘဝထိန်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ တဲ့ခေတ် ဖြစ်နေလို့ပဲ။ ပညာတတ်ရင်၊ သိပ္ပံနဲ့နည်းပညာ တတ်ကျွမ်းရင် မိသားစုကို ထိန်းနိုင်လောက်မယ်။ ရှေးယခင်ကဆိုရင် မြေယာပိုင်ဆိုင်မှု၊ ငွေကြေးပိုင်ဆိုင်မှုတွေဟာ ဓနဥစ္စာတွေ ဖြစ်ခဲ့ပါတယ်။ ၂၁ ရာစုမှာ ဒီမျှပိုင်ဆိုင်ရုံနဲ့ မလုံလောက်တော့ပဲ ပညာပိုင်ဆိုင်မှု နည်းပညာ ပိုင်ဆိုင်မှုကို ပြင်းပြင်းထန်ထန် လှည့်ရပါမယ်။ ထိုင်ပြီး အရှေ့အနောက် ကို မမျှော်လေနဲ့။ တိုင်းရင်းသားအပေါင်းက တညီတညွတ် ကိုယ်ထူ ကိုယ်ထပြုကြ၊ ကိုယ့်အားကိုယ်ကိုးကြရမယ်။ ရေရှည်အကျိုးကို မျှော်ကိုးပြီး မြန်မာတို့ရဲ့အနာဂတ်ခရီးကို လျှောက်ကြရပါမယ်။ ပညာ ခေတ်မှာ ပညာတတ်၊ အရည်အချင်း ပြည့်ဝသူ၊ ဗလငါးတန်ပြည့်ဝသူ တို့ကသာ တိုင်းပြည်ရဲ့အပြောင်းအလဲကို ပြုလုပ်နိုင်ပါလိမ့်မယ်။
ဘာကြောင့်ပါလဲ… ဘာကြောင့်လဲဆိုရင်… စီးပွားရေးမျက်စိနဲ့ ကြည့်ရင် ကမ္ဘာ့ဈေးကွက်ကြီးရယ်လို့ ခေါ်နိုင်တဲ့ အဝန်းအဝိုင်းထဲမှာ မြန်မာတို့ရှိနေပါတယ်။ မြန်မာ့သယံဇာတကတော့ တစ်ပုံ တစ်ခေါင်းကြီးလို့ ပြောရလောက်အောင် မြန်မာနိုင်ငံ အလယ် အူကြောင်းက ရေကြောကြီးပဲ။ အမြဲစွတ်စိုလျက်ရှိတဲ့ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်နဲ့ အရှေ့ဘက်ခြမ်းက သံလွင်မြစ်ကြီးတို့ပဲ။ ဒီမြစ် ကြီးသုံးသွယ်ဟာ မြန်မာတို့အတွက် ချမ်းသာဖို့ပဲ။ မြစ်ကြီးများဖြစ်လို့ ရေချိုလို့ ခေါ်ပါတယ်။ စိုက်ပျိုးရေနဲ့ သောက်သုံးရေအထိ သုံးနိုင်တာမို့ ကမ္ဘာမှာတော့ စံချိန်လွန်ရေအရင်းအမြစ်ပဲ၊ သုံးတတ်ရင် အဖိုးအနဂ္ဂ တန်ပါတယ်။ နည်းပညာနည်းရင်တော့ ပင်လယ်ထဲ စီးဆင်းသွားတာပဲ အဖတ်တင်ပါမယ်။ ဒါသိဖို့ လိုပါတယ်။
ဈေးကွက်ကြီးကို အကြောင်းပြုပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ နည်းပညာလိုအပ်တယ်ဆိုတာ ပြောဖွယ်ရာ မလိုတော့ပြီ။ ထုတ်လုပ် သူလား၊ စားသုံးသူလား ကွဲကွဲပြားပြားသိရှိဖို့ လိုပြန်ပါတယ်။ ဒီလို ခေတ်အခြေအနေမှာ သိပ္ပံပညာနည်းပညာ၊ စိုက်ပျိုးရေး၊ စီးပွားရေးဘွဲ့ရ တွေဟာ ကိုယ်ပိုင်စီးပွားရေး ကုမ္ပဏီကြီးတွေတည်ထောင်၊ ဘဏ် လုပ်ငန်းကြီးတွေတည်ထောင်၊ ရေနံကုမ္ပဏီကြီးတွေ တည်ထောင်ဖို့ တာစူရမယ်။ အစိုးရအလုပ် ဝန်ထမ်းအလုပ်လုပ်ဖို့ ပညာသင်ဖို့သာမက ဖြစ်ရမယ်။ ဒီလိုဆိုရင် မြန်မာ့အနာဂတ်ဟာ သေချာရေရာနိုင်ပါမယ်။
အစိုးရအလုပ်ဆိုတာ ပြည်သူရဲ့ ဝန်ထမ်းဖြစ်တာမို့ ပြည်သူကိုသာ ကြည့်ရမယ်။ အစိုးရက စည်းမျဉ်း စည်းကမ်း ဥပဒေတွေနဲ့ ထိန်းကျောင်းပေးရုံပဲဖြစ်တယ်ဆိုတာ နားလည်ဖို့ပဲဖြစ်ပါတယ်။ နိုင်ငံ တချို့ကလည်း နောက်ကျခြင်းဟာ သူများအမှားတွေကို သိမြင်နိုင် တယ်ပေါ့၊ ကိုယ့်အလှည့်ကျရင် ရှောင်နိုင်တယ်ဆိုပြီး မြန်မာတို့ကို နှစ်သိမ့်သော်လည်း မြန်မာတို့ နောက်ကျကျန်နေတာကို သူတို့ကြိတ်ပြီး ပြုံးနေပုံ ပေါ်ပါတယ်။ ၂၁ ရာစုမှာ မြန်မာတို့ ကတ္တီပါဖိနပ်စီး ရွှေထီး ဆောင်းဖို့ဆိုတာ “ရွှေပြည်တော် မျှော်လေတိုင်းဝေး” ဆိုသလို ဖြစ်ပါ လိမ့်မယ်။
ဥရောပနိုင်ငံများနဲ့ ကမ္ဘာ့အရှေ့ပိုင်းမှာဆိုရင် ဂျပန်၊ တရုတ်နဲ့ ရုရှား နိုင်ငံတို့က ထူးချွန်ထက်မြက်တဲ့ပညာရှင်၊ နိုဘယ်ဆုရှင်ကြီးများကဲ့သို့ လောကကို အလှဆင်နိုင်ဖွယ် မရှိသေးလင့်ကစား၊ ကမ္ဘာ့စံချိန်မီ လူထူး လူချွန် မဖြစ်လင့်ကစား ကိုယ့်ဒေသ၊ ကိုယ့်တိုင်း၊ ကိုယ့်ပြည်နယ် တစ်ခွင်မှာ ဘဝသစ်ဖန်တီးနိုင်မယ့် အမြော်အမြင်ကြီးမားတဲ့၊ ကြံရည် ဖန်ရည်ရှိတဲ့ လူ့စွမ်းအားအရင်းအမြစ် လိုအပ်တယ်ဆိုတာ ယနေ့ အချိန်အခါမှာ ပို၍မြင်တွေ့နေရပါပြီ။ ဒီမိုကရေစီနဲ့ ပြည်ထောင်စု ဖက်ဒရယ်ဟာ ဒါပါပဲ။ ပညာရေးရဲ့အနှစ်သာရဟာ ပြည်သူတို့အား ဘဝသစ်ဖန်တီးနိုင်ရေးပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ပြည်ထောင်စု ဖက်ဒရယ်ဖြစ်ဖို့ ဒါလိုအပ်ပါတယ်။ ဘဝသစ်မှာ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းဖို့ပဲ၊ ခေါင်းပုံမဖြတ်၊ အကြမ်းမဖက်တဲ့ လူ့အသိုင်းအဝိုင်း တည်ထောင်နိုင်ဖို့ပဲဖြစ်ပါတယ်။ မေတ္တာနဲ့ ဉာဏ်အမြော်အမြင်ဟာ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖန်တီးဖော်ဆောင်ပါလိမ့်မယ်။
ကောင်းပါပြီ၊ ဒီဆောင်းပါးကို ဒီလို နိဂုံးချုပ်ချင်ပါတယ်။
တည်ငြိမ်ခံ့ညား မြင့်မားတဲ့ တောင်တန်းကြီးတွေနဲ့ ဒီတောင်တန်း များကြားက တသွင်သွင်စီးဆင်းနေတဲ့ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ချင်းတွင်းမြစ်တို့ကို အကြောင်းပြုပြီး တိုင်းရင်းသားအပေါင်းဟာ စုပေါင်းနေထိုင်ခဲ့ကြပြီ။ ရေမြေတောတောင် သယံဇာတ၊ မြေပေါ် မြေအောက် သယံဇာတတွေ ပေါကြွယ်ဝနေတာမို့ ချမ်းသာနိုင်တယ်။ ပညာနဲ့ အတတ်ပညာ အမြော်အမြင်ကြီးရင် ပို၍ပို၍ ချမ်းသာလိမ့် မယ်။ သယံဇာတ များများမရှိသော်လည်း အတတ်ပညာ၊ နည်းပညာ ပါတဲ့ လူ့အဖွဲ့အစည်းဟာလည်း ချမ်းသာနိုင်တယ်ဆိုတာ ကမ္ဘာကို ကြည့်ရင် မြင်တွေ့နိုင်ပါတယ်။ ရံဖန်ရံခါဆိုသလို ဥတုရာသီဖောက်ပြန်မှု ကြောင့် ရှိတဲ့သယံဇာတဟာလည်း သုံးမရ၊ ပညာမဲ့၊ နည်းပညာမဲ့ရင် ဆင်းရဲတွင်းမှာနေဖို့ပဲ ကျန်ပါတော့တယ်။ ဒါကြောင့် မည်သည့်ကိစ္စ ကြီးငယ်မဟူ ကြံစည်စိတ်ကူး ဆောင်ကြဉ်းကြရာတွင် ပညာအမြော် အမြင်၊ နည်းပညာအမြော်အမြင်နဲ့သာ လောကကို အလှဆင်နိုင်လိမ့် မယ်လို့ ဆိုချင်ပါကြောင်း မေတ္တာဖြင့် ရေးသားလိုက်ရပါတယ်။ ။
ကျမ်းကိုး -
၂၀ ရာစု မြန်မာနိုင်ငံ၊ အမျိုးသား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဇန်နဝါရီလ ၂၀၀၂ ခုနှစ်
Myanmar: Facts and Figures; Published by Ministry of Information, Myanmar, March, 2000
As the Future Catches You, by Juan Enriquez; Published by Crown Business, New York: Printed in the United States of America, 2000, 2001
- Log in to post comments