COVID-19 Safe Service Master Trainer ဆရာဖြစ်သင်တန်းနှင့် စစ်ဆေးရေးမှူးသင်တန်း ပထမအကြိမ် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

COVID-19 Safe Service Master Trainer ဆရာဖြစ်သင်တန်းနှင့် စစ်ဆေးရေးမှူးသင်တန်း ပထမအကြိမ် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

=================================================================================

 

နေပြည်တော် ဒီဇင်ဘာ ၇

 

COVID-19 Safe Service Master Trainer ဆရာဖြစ်သင်တန်း နှင့် စစ်ဆေးရေးမှူးသင်တန်း (Inspector Training for Inspection) ပထမအကြိမ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

တက်ရောက်

 

အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ၊ ဌာနခွဲ တာဝန်ခံညွှန်ကြားရေးမှူးများ၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးတို့မှ ရုံးခွဲတာဝန်ခံများ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း(၁၁)သင်းတို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု ‘စံ’သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၊ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်းမှ သင်တန်းဆရာများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် သင်ကြားရေး ဆရာများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ သင်တန်းသား၊ သင်တန်းသူ များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ သင်တန်း ဖွင့်ပွဲအထိမ်းအမှတ် Video Message နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၏ သင်တန်းဖွင့်ပွဲအထိမ်း အမှတ် Video Message တို့ကို ဖွင့်လှစ်ပြသသည်။

 

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ကိုဗစ်-၁၉ ကြောင့် ရပ်ဆိုင်းသွားသော ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရန် နှင့် ပြန်လည်ဦးမော့လာစေရန်အတွက် မိမိတို့ဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ဆိုင်ရာ ခရီးသွားလုပ်ငန်း ကုစားမှုအစီအစဉ် (COVID-19 Tourism Relief Plan)၊ နိုင်ငံတော်မှ ထုတ်ပြန် ထားရှိသည့် COVID-19 Economic Relief Plan(CERP) အပေါ် အခြေခံကာ ရေးဆွဲထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ဆိုင်ရာ ခရီးသွားလုပ်ငန်းကုစားမှု အစီအစဉ်တွင် ပါဝင်သည့် လုပ်ငန်းစဉ်များအရ ခရီးသွားလုပ်ငန်းဆောင်ရွက် ရာတွင် ခရီးသွားများ၊ ခရီးသွားများကိုဝန်ဆောင်မှုပေးမည့် ဝန်ထမ်းများ ကျန်းမာစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်း စေရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မိမိတို့ ဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသော လမ်းညွှန်မှု များကို စုစည်းပြီး National Tourism Guidelines ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများမှ ခရီးသွားလုပ်ငန်း ပြန်လည်စတင်ခွင့်ပြုပေးသည့် အချိန်တွင် ထုတ်ပြန်ထားသော Guidelines များနှင့် ကိုက်ညီမှုကို တာဝန်ရှိသူများက ပူးပေါင်းစိစစ်ပြီး Regional အဆင့်တွင် ဖွင့်လှစ်ခွင့်ပြုပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံကို safe to travel destination တစ်ခုအဖြစ် နိုင်ငံတကာခရီးသွား များက သိမြင်လက်ခံလာအောင် ဆောင်ရွက်ရန် လိုအပ် သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းကာ “Enchanting Myanmar Health and Safety Protocol” ကို ပြုစုရေးဆွဲခဲ့ပါကြောင်း၊ Regional အဆင့် ဖွင့်လှစ်ခွင့်ပြုရာတွင် အသုံးပြုခဲ့သည့် National Tourism Guidelines များ ကျင့်သုံးနိုင်ရန် စနစ်တကျနှင့် ကျယ်ကျယ် ပြန့်ပြန့် သင်တန်းများပေးရန်နှင့် လိုက်နာကျင့်သုံးမှုကို အခါအားလျော်စွာ ပုံမှန်စစ်ဆေး အသိအမှတ်ပြုရန်ဖြစ်ပါ ကြောင်း၊ ထိုသို့သင်တန်းများ ပေးရန်နှင့် စစ်ဆေးမှုများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့ အစည်း၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု ‘စံ’ သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့၊ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်းတို့နှင့် ပူးပေါင်း ပြုလုပ်သွားမည်ဖြစ်ကာ လိုအပ်သည့်သင်တန်းဆရာနှင့် စစ်ဆေးရေးမှူးများကို အမျိုးသားအဆင့် မွေးထုတ်ပေးသွား မည်ဖြစ်ပါကြောင်း။

 

စစ်ဆေးဆောင်ရွက်သွားမည်

 

စစ်ဆေးအောင်မြင်သူများကို မိမိတို့ဝန်ကြီးဌာန အသိအမှတ်ပြု Safe Tourism Myanmar Stamp အသုံးပြု ခွင့်ပေးသွားမည်ဖြစ်ပြီး မိမိလုပ်ငန်း၏ Safe Service ကို promote လုပ်နိုင်မည် ဖြစ်ပါကြောင်း၊ World Travel and Tourism Council အဖွဲ့အစည်းနှင့်ညှိနှိုင်းပြီး WTTC ၏ နိုင်ငံတကာအဆင့် Safe Travel Logo ထည့်သွင်း ပေးအပ် နိုင်ရေးကိုလည်း WTTC မှ ချမှတ်ထားသော Guidelines များနှင့်အညီ Country partner ရယူဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယင်း အစီအစဉ်များအရ Health and Safety SOP နှင့် Operator Manual များထုတ်ဝေခြင်း Safe Travel Myanmar အစီအစဉ်တွင် ဟိုတယ်နှင့်ခရီးသွား ဆိုင်ရာလုပ်ငန်းများ Online မှတ်ပုံတင်နိုင်ရေး စသည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ခရီးသွားကန့်သတ်ချက်များ ပြန်လည်ဖြေလျှော့ သည့်အခါတွင် Sightseeing Flight ခရီးစဉ်များ၊ River cruise ခရီးစဉ်များ၊ Caravan tour များစတင်နိုင်ရန်အတွက် Health and Safety Protocol နှင့်အညီ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် သင်ကြားရေးဆရာများက သင်တန်း ဖွင့်လှစ်ခြင်း၏ အကျိုးရလဒ်များကို ဆွေးနွေးတင်ပြကာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က သင်ကြားရေးဆရာ များနှင့် သင်တန်းသားများကို မိမိတို့တတ်သိနားလည် ကျင့်သုံးဆောင်ရွက်နေသည့် ပညာရပ်များကို အပြည့်အဝ မျှဝေပေးရန်နှင့် သင်တန်းသားများအနေဖြင့်လည်း ဆရာ များ၏သင်ကြားမှုကို မှတ်သားနာယူလိုက်နာပြီး သင်တန်း ပြီးဆုံးပါက မိမိတို့သက်ဆိုင်ရာဒေသအသီးသီးတွင် သင်ယူ ခဲ့သည့်ပညာရပ်များကို ကောင်းစွာ ပြန်လည်အသုံးချကာ မြန်မာနိုင်ငံ၏အမှတ်တံဆိပ်(Brand)ကို ပြန်လည်တည့်မတ် ပေးကြရန် တိုက်တွန်းပြောကြားသည်။

 

အဆိုပါသင်တန်းများကို တစ်ကြိမ်လျှင် သင်တန်းသား ၃၀ ပါဝင်ကာ သင်တန်း (၁၀)ကြိမ်ဖြင့် စုစုပေါင်းသင်တန်းသား ၃၀၀ ကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးအတွက် မွေးထုတ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်