
မော်လမြိုင် ဩဂုတ် ၂၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်နှင့် ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ကြောင်း သိရသည်၊၊
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကဒါကျေးရွာအုပ်စု နွတ်လီကျေးရွာတွင် Mobile Financial Payment စနစ်ဖြင့် ကျေးရွာသူ ကျေးရွာသား ၄၅ ဦးထံသို့ နိုင်ငံတော်မှ မတည်ရန်ပုံငွေ ကျပ်သန်း ၃၀ အား Shwe Bank ဖြင့် ပူးပေါင်း၍ MoMoney Agent များမှတစ်ဆင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦး၊ ကျိုက်မရောမြို့နယ် ဦးစီးမှူး ဦးသိန်းစိုးနှင့် ဝန်ထမ်းများက အဆိုပါ ချေးငွေထုတ်ချေးပေးနေမှုအား ယနေ့ နံနက်ပိုင်းက ချေးငွေများ အောင်မြင်စွာ ထုတ်ချေးနိုင်ရေးအတွက် ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mobile Financial Payment စနစ်ဖြင့် မြစိမ်းရောင် စီမံကိန်းချေးငွေများအား ထုတ်ချေးပေးခြင်းဖြင့် ကျေးလက်နေပြည်သူ များအနေဖြင့် ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကို လက်လှမ်းမီနိုင်စေရန်၊ ငွေကြေးမသမာမှုများကြောင့် ဆုံးရှုံးနိုင်မှု လျော့နည်းစေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများအား လျှော့ချ နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခင်စန်းမြင့်(ခရိုင် ပြန်/ဆက်)