
စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ(၂၀၁၉)နှင့်ပတ်သက်၍ အသိပညာပေး အွန်လိုင်းဆွေးနွေးပွဲ ကျင်းပ
=================================================
ရန်ကုန် နိုဝင်ဘာ ၃၀
စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ(၂၀၁၉)နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ (Overview of Copyright and Related Rights in Myanmar Webinar) ကို ယမန်နေ့ ည ၇ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဗီဒီယိုမက်ဆေ့ ပေးပို့၍ အမှာစကားပြောကြားရာတွင် စာပေမူပိုင်ခွင့်နှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်နေသည်ကို အထူးပြောစရာမလိုပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲတွင် ပါဝင်သည့်၊ ဦးဆောင်တက်ရောက်နေကြ သည့် စာပေပညာရှင်များကိုယ်တိုင်လည်း အသိဖြစ်ပါ ကြောင်း၊ အလျဉ်းသင့်၍ ပြောကြားလိုသည်မှာ စာပေ သမားများ၊ အဓိက စာပေမူပိုင်ခွင့်နှင့်ပတ်သက်သည့် စာပေဖန်တီးသူများ မိမိတို့ ရပိုင်ခွင့်ရှိသည့် အခွင့်အရေးကို Copyright ဟု ပြောပါကြောင်း၊ Related Rights သည် ပိုမိုကျယ်ပြန့်ပါကြောင်း။
ဖန်တီးရေးသားသူတွင်ရှိ
Copyright ကို အလွယ်တကူပြောမည်ဆိုပါက ကော်ပီရိုက်ခွင့်၊ ရေးသားထားသည့် စာတစ်ခုကို မိတ္တူ အများအပြားထုတ်ဝေဖြန့်ချိခွင့်ဟု အကြမ်းဖျင်းနားလည် ပါကြောင်း၊ ထိုအခွင့်အရေးသည် ဖန်တီးရေးသားသူတွင် ရှိသည်ဟုနားလည်ပါကြောင်း၊ အဆိုပါအခွင့်အရေး မဆုံးရှုံး စေရန်၊ ရသင့်ရထိုက်သမျှ ပြည့်ပြည့်ဝဝရရန်၊ ထို့နောက် Related Rights ဟု ပြောသည့်အတိုင်း ဆက်ပြီး ဆင့်ပွား အနေဖြင့် ရုပ်ရှင်၊ e-books စသည်တို့တွင်လည်း ရသင့် ရထိုက်သည့် အခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိရန် ကိစ္စများ နှင့်ပတ်သက်၍ ယနေ့ဆွေးနွေးကြမည်ဟု နားလည်ထား ပါကြောင်း။
စာပေဖန်တီးသူများအနေဖြင့် ၎င်းတို့ဖန်တီးသည့် စာပေထဲတွင်၊ အနုပညာထဲတွင် ဈာန်ဝင်ပြီး ဖန်တီးသည့် အလုပ်ကို လုပ်ကိုင်နေရပါက လုပ်နိုင်သော်လည်း မူပိုင်ခွင့် ကိစ္စများ၊ တရားရုံးကိစ္စများ၊ ဥပဒေပိုင်းဆိုင်ရာများ၊ ငွေရေး ကြေးရေးကိစ္စများတွင် မိမိတို့ အနုပညာသမား၊ စာပေ သမားများသည် အာရုံဝင်စားမှုမရှိပါကြောင်း၊ စိတ်မရှည်ပါ ကြောင်း သို့မဟုတ် ထိုအရာများကို ထဲထဲဝင်ဝင်နားလည်ရန်၊ လေ့လာရန် အတော်ဝန်လေးကြသည်ဟု ထင်မြင်ပါကြောင်း၊ ထို့ကြောင့် စာပေသမား၊ အနုပညာသမားများတွင် နစ်နာ ဆုံးရှုံးမှုများ များစွာရှိနေသည်ဟု မိမိစဉ်းစားပါကြောင်း။
မူပိုင်ခွင့်ကိစ္စတွင် ယခင်ကဆိုလျှင် ပုံနှိပ်စာအုပ် စာတမ်းနှင့်ပတ်သက်သည့် မူပိုင်ခွင့်ကိစ္စသည်ပင် အတော် ရှုပ်ထွေးပါကြောင်း၊ ယခုအခါ ဒစ်ဂျစ်တယ်မီဒီယာ၊ အွန်လိုင်းမီဒီယာ၊ အီလက်ထရောနစ်မီဒီယာခေတ်ဖြစ်လာသည့်အခါ ပို၍ပင် ရှုပ်ထွေးပါကြောင်း၊ စာအုပ်၏ အသွင် သဏ္ဌာန်သည် အမျိုးမျိုးပြောင်းလဲလာသည့်အတွက် ဥပဒေ ကြောင်းဆိုင်ရာ၊ ပိုင်ဆိုင်မှုပိုင်းဆိုင်ရာ အသေးစိတ်များ အတော်ရှုပ်လာပါကြောင်း၊ ပြည်တွင်းတင်မက အခြားနိုင်ငံ များအထိပါ ဆက်စပ်လုပ်ကိုင်ရသည်များရှိပါကြောင်း။
ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည်
ယနေ့စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းဖြစ်မြောက်ရေး ကော်မတီသည် ရုံးခန်းများ ဖွင့်လှစ်၍ လုပ်ငန်းစတင်နေပြီဟု နားလည်ပါကြောင်း၊ မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဖြစ်မြောက်ရေး ကော်မတီ အဆင့်တွင် တတ်နိုင်သလောက် ဝိုင်းဝန်းကူညီဆောင်ရွက် နေသည်များရှိပါကြောင်း၊ ကော်မတီအနေဖြင့် မူလဘူတ ကော်မတီဖြစ်မြောက်ရေးတာဝန်၊ မူပိုင်ခွင့်ဆိုင်ရာ အသိ ပညာပြန့်ပွားရေးတာဝန်နှင့် ကြားကာလတွင် ပြဿနာများ ညှိနှိုင်းဖြေရှင်းပေးရေးဆိုသည့် တာဝန်သုံးရပ်ကို အောင်မြင် စွာဆောင်ရွက်နိုင်ပါစေ၊ မိမိတို့အနေဖြင့်လည်း တတ်နိုင် သလောက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ စာပေမူပိုင်ခွင့်ဆိုင်ရာစုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဆရာချစ်ဦးညိုက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မူပိုင်ခွင့်အသိပညာပေး Video Clip ကို ပြသခဲ့သည်။
ထို့နောက် စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲ သည့် အဖွဲ့အစည်းဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဆရာဦးသန်းမောင်(စစ်တွေ)က “စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေ (၂၀၁၉)၏ သိမှတ်ဖွယ်ရာမှတ်စုအကျဉ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်း စီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖြစ်မြောက်ရေးကော်မတီအဖွဲ့ ဝင်များဖြစ်သည့် ဆရာဦးမြတ်ခိုင်၊ ဆရာဦးဇော်ထွဋ်နှင့် ဆရာမပုညခင်တို့နှင့်အတူ စာပေမူပိုင်ခွင့်ဆိုင်ရာ စကား ဝိုင်းကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အွန်လိုင်းမှ ချိတ်ဆက်တက်ရောက် နားထောင်ကြသူများက ၎င်းတို့ သိလိုသော မေးခွန်းများ ကို မေးမြန်းကြရာ စကားဝိုင်းဆွေးနွေးပွဲဟောပြော ဆွေးနွေးသူများက ပြန်လည်ဖြေကြားကြသည်။
အသိပညာပေးဆွေးနွေးပွဲကို စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ(၂၀၁၉)အကြောင်း သိကောင်းစရာများနှင့် စာပေမူပိုင်ခွင့်နှင့်ဆက်နွှယ်သော အခွင့်အရေးများအား ပြည်သူများ ကျယ်ပြန့်စွာသိရှိနိုင်စေရန် ရည်ရွယ်၍ ကျင်းပ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သတင်းစဉ်
651
People reached
8
Engagements
55
2 shares
Like
Comment
Share