စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ (၂၀၁၉) နှင့် ပတ်သက်၍ အသိပညာပေး အွန်လိုင်းဆွေးနွေးပွဲကျင်းပ

 

ရန်ကုန် နိုဝင်ဘာ ၃၀

စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေ (၂၀၁၉) နှင့်ပတ်သက်၍ အသိပညာ ပေးဆွေးနွေးပွဲ (Overview of Copyright and Related Rights in Myanmar Webinar) ကို နိုဝင်ဘာ ၂၉ ရက် ည ၇ နာရီတွင် အွန်လိုင်းစနစ် ဖြင့် ကျင်းပသည်။

အမှာစကားပြောကြား

ဆွေးနွေးပွဲသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ဗီဒီယိုမက်ဆေ့ ပေးပို့၍ အမှာစကားပြောကြားရာတွင် စာပေမူပိုင်ခွင့်နှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်နေသည်ကို အထူးပြောစရာ မလိုပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ပါဝင်သည့်၊ ဦးဆောင်တက်ရောက်နေကြသည့် စာပေပညာရှင်များ ကိုယ်တိုင်လည်း အသိဖြစ်ပါကြောင်း၊ အလျဉ်းသင့်၍ ပြောကြားလိုသည်မှာ စာပေသမား များ၊ အဓိက စာပေမူပိုင်ခွင့်နှင့် ပတ်သက်သည့် စာပေဖန်တီးသူများ မိမိတို့ ရပိုင်ခွင့်ရှိသည့် အခွင့်အရေးကို Copyright ဟု ပြောပါကြောင်း၊ Related Rights သည် ပိုမိုကျယ်ပြန့် ပါကြောင်း။

Copyright ကို အလွယ်တကူ ပြောမည်ဆိုပါက ကော်ပီရိုက်ခွင့်၊ ရေးသားထားသည့် စာတစ်ခုကို မိတ္တူ အများအပြား ထုတ်ဝေဖြန့်ချိခွင့်ဟု အကြမ်းဖျင်း နားလည်ပါကြောင်း၊ ထိုအခွင့်အရေးသည် ဖန်တီးရေးသား သူတွင် ရှိသည်ဟု နားလည်ပါကြောင်း၊ အဆိုပါ အခွင့်အရေး မဆုံးရှုံးစေရန်၊ ရသင့်ရထိုက်သမျှ ပြည့်ပြည့်ဝဝရရန်၊ ထို့နောက် Related Rights ဟု ပြောသည့်အတိုင်း ဆက်ပြီး ဆင့်ပွား အနေဖြင့် ရုပ်ရှင်၊ e-books စသဖြင့် တို့တွင်လည်း ရသင့်ရထိုက်သည့် အခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိရန် ကိစ္စများနှင့် ပတ်သက်၍ ယနေ့ ဆွေးနွေးကြမည်ဟု နားလည်ထား ပါကြောင်း။

စာပေဖန်တီးသူများအနေဖြင့် ၎င်းတို့ဖန်တီးသည့် စာပေထဲတွင်၊ အနုပညာထဲတွင် ဈာန်ဝင်ပြီး ဖန်တီး သည့်အလုပ်ကို လုပ်ကိုင်နေရပါက လုပ်နိုင်သော်လည်း မူပိုင်ခွင့် ကိစ္စများ၊ တရားရုံးကိစ္စများ၊ ဥပဒေပိုင်းဆိုင်ရာ များ၊ ငွေရေးကြေးရေးကိစ္စများတွင် မိမိတို့ အနုပညာသမား၊ စာပေသမား များသည် အာရုံဝင်စားမှုမရှိပါကြောင်း၊ စိတ်မရှည်ပါကြောင်း သို့မဟုတ် ထိုအရာများကို ထဲထဲဝင်ဝင်နားလည် ရန် လေ့လာရန် အတော်ဝန်လေး ကြသည်ဟု ထင်မြင်ပါကြောင်း၊ ထို့ကြောင့် စာပေသမား၊ အနုပညာ သမားများတွင် နစ်နာဆုံးရှုံးမှုများ များစွာရှိနေသည်ဟု မိမိစဉ်းစားပါ ကြောင်း။

မူပိုင်ခွင့်ကိစ္စတွင် ယခင်က ဆိုလျှင် ပုံနှိပ်စာအုပ်စာတမ်းနှင့် ပတ်သက်သည့် မူပိုင်ခွင့် ကိစ္စသည်ပင် အတော်ရှုပ်ထွေးပါကြောင်း၊ ယခုအခါ ဒစ်ဂျစ်တယ်မီဒီယာ၊ အွန်လိုင်း မီဒီယာ၊ အီလက်ထရောနစ်မီဒီယာ ခေတ်ဖြစ်လာသည့်ခါ ပို၍ပင် ရှုပ်ထွေး ပါကြောင်း၊ စာအုပ်၏ အသွင်သဏ္ဌာန် သည် အမျိုးမျိုးပြောင်းလဲလာသည့် အတွက် ဥပဒေကြောင်းဆိုင်ရာ၊ ပိုင်ဆိုင်မှုပိုင်းဆိုင်ရာ အသေးစိတ်များ အတော်ရှုပ်လာပါကြောင်း၊ ပြည်တွင်း တင်မက အခြားတိုင်းပြည်များ အထိပါ ဆက်စပ်လုပ်ကိုင်ရသည်များရှိပါကြောင်း။

ဝိုင်းဝန်းကူညီဆောင်ရွက်

ယနေ့စာပေ မူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖြစ်မြောက်ရေး ကော်မတီသည် ရုံးခန်းများဖွင့်လှစ်၍ လုပ်ငန်းစတင် နေပြီဟု နားလည်ပါကြောင်း၊ မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဖြစ်မြောက်ရေးကော်မတီ အဆင့်တွင် တတ်နိုင်သလောက် ဝိုင်းဝန်းကူညီ ဆောင်ရွက်နေသည် များရှိပါကြောင်း၊ ကော်မတီအနေဖြင့် မူလဘူတ ကော်မတီဖြစ်မြောက်ရေး တာဝန်၊ မူပိုင်ခွင့်ဆိုင်ရာ အသိပညာ ပြန့်ပွားရေးတာဝန်နှင့် ကြားကာလ တွင် ပြဿနာများ ညှိနှိုင်းဖြေရှင်း ပေးရေးဆိုသည့် တာဝန် ၃ ရပ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေ၊ မိမိတို့အနေဖြင့်လည်း တတ်နိုင် သလောက် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ပြောကြား သည်။

မူပိုင်ခွင့်အသိပညာပေး

ဆက်လက်၍ စာပေမူပိုင်ခွင့် ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဆရာချစ်ဦးညိုက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မူပိုင်ခွင့်အသိပညာပေး Video Clip ကို ပြသခဲ့သည်။

ထို့နောက် စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဆရာဦးသန်းမောင် (စစ်တွေ) က “စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ (၂၀၁၉)၏ သိမှတ်ဖွယ်ရာ မှတ်စု အကျဉ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြီး စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံ ခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဆရာဦးမြတ်ခိုင်၊ ဆရာဦးဇော်ထွဋ်နှင့် ဆရာမ ပုညခင်တို့နှင့်အတူ စာပေမူပိုင် ခွင့်ဆိုင်ရာ စကားဝိုင်းကို ဆက်လက် ဆွေးနွေးခဲ့ကြသည်။

ပြန်လည်ဖြေကြား

ထို့နောက် အွန်လိုင်းမှချိတ်ဆက် တက်ရောက်နားထောင်ကြသူများက ၎င်းတို့ သိလိုသော မေးခွန်းများကို မေးမြန်းကြရာ စကားဝိုင်းဆွေးနွေးပွဲ ဟောပြော ဆွေးနွေးသူများက ပြန်လည်ဖြေကြားကြသည်။

အသိပညာပေး ဆွေးနွေးပွဲကို စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ (၂၀၁၉) အကြောင်း သိကောင်းစရာ များနှင့် စာပေမူပိုင်ခွင့်နှင့် ဆက်နွှယ် သော အခွင့်အရေးများအား ပြည်သူ များ ကျယ်ပြန့်စွာ သိရှိနိုင်စေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်