ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် လေအိတ်ရထားတွဲဆိုင်းများဖြင့် ဇူလိုင် ၁၀ရက်မှစ၍ အစုန်/အဆန် နေ့စဉ်ပြေးဆွဲ

 

နေပြည်တော် ဇူလိုင် ၁၀ 


မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့်  ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများ ပြေးဆွဲပေးခြင်းအား   ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြေးဆွဲဆောင်ရွက်ပေးလျက် ရှိသည်။

 


ရထား ၅၄ စင်း ပြေးဆွဲပေးလျက်ရှိ


ကိုဗစ်-၁၉ တတိယလှိုင်းအပြီးတွင် ရုံးဌာနများ၊ စက်ရုံ/အလုပ်ရုံများ   ပြန်လည်ဖွင့်လှစ်ချိန်မှစ၍ ခရီးသွားလာကြမည့်  ပြည်သူများနှင့် ကုန်စည်များ အဆင်ပြေချောမွေ့စွာ    သယ်ယူပို့ဆောင်နိုင်ရေး အတွက် မြန်မာ့မီးရထားက ခရီးစဉ်များ ပြေးဆွဲပေး ခဲ့ရာ ဇွန် ၃၀ ရက်အထိ ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမြန်ရထား နှစ်စင်း၊  စာပို့ရထား နှစ်စင်း၊ လူစီး ကုန်တင်ရထား နှစ်စင်း၊   ရန်ကုန်- မော်လမြိုင် လမ်းပိုင်းတွင် အမြန်ရထား နှစ်စင်း၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် အမြန်ရထား  နှစ်စင်း၊ စာပို့ရထား လေးစင်း၊ နေပြည်တော်-တောင်တွင်းကြီးလမ်းပိုင်း တွင်   လူစီးကုန်တင်ရထား   နှစ်စင်း၊   မန္တလေး-ပြင်ဦးလွင်-လားရှိုးလမ်းပိုင်းတွင် စာပို့ရထား နှစ်စင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းတွင်   စာပို့ရထား နှစ်စင်း၊ ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းတွင် စာပို့ရထား   နှစ်စင်း၊ မန္တလေး-မတ္တရာ - သူရဲဈေး လမ်းပိုင်းတွင်   လူစီးကုန်တင်ရထား    နှစ်စင်း၊ ပြည်တော်သာ-ရေချမ်းပြင်လမ်းပိုင်းတွင် စာပို့ရထား လေးစင်း စုစုပေါင်း ၂၈ စင်းနှင့်  ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင် RBE ရထား ၂၆ စင်း စုစုပေါင်း ၅၄ စင်း ပြေးဆွဲပေးလျက်ရှိသည်။

 


ခရီးသွားလာမှု   အဆင်ပြေစေရေး


လက်ရှိအချိန်တွင် ပြည်သူများအနေဖြင့် ရထား စီးနင်း၍ ခရီးသွားလာမှု များပြားလာခြင်းကြောင့် ခရီးသွားလာမှု   အဆင်ပြေစေရေးအတွက်   ဇူလိုင် ၁၀ ရက်မှစ၍    ရန်ကုန်-မန္တလေး  လမ်းပိုင်းတွင် လေအိတ်ရထားတွဲဆိုင်းများဖြင့် ရန်ကုန်မှ မန္တလေး၊ မန္တလေးမှ ရန်ကုန် အမြန်ရထား နှစ်စင်းအား အစုန်/အဆန်  နေ့စဉ်ပြေးဆွဲပေးသွားမည်    ဖြစ်သည်။ ဆက်လက်၍ ဇူလိုင်၂၅ ရက်၌ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် ရန်ကုန်မှ  မော်လမြိုင်၊ မော်လမြိုင်မှ ရန်ကုန် အမြန်ရထား နှစ်စင်းအား   နေ့စဉ် အစုန်/အဆန်ပြေးဆွဲခြင်း၊ ဩဂုတ် ၂၀ ရက်၌ ရန်ကုန်-ပြည် လမ်းပိုင်းတွင်  ရန်ကုန်မှ ပြည်၊ ပြည်မှ ရန်ကုန် အမြန် ရထား နှစ်စင်းအား နေ့စဉ်ခေါက်ပြန် ပြေးဆွဲခြင်း များကို   ထပ်မံတိုးချဲ့ပြေးဆွဲသွားရန်   စီစဉ်ထားရှိ ကြောင်း သိရသည်။

 


ရထားများပြေးဆွဲရာတွင်   ရန်ကုန်-မန္တလေး လမ်းပိုင်း၌    အမှတ်(၅)အဆန်သည်    ရန်ကုန်မှ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင်ထွက်ခွာ၍ မန္တလေးသို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင်ရောက်ရှိပြီး အမှတ်(၆)အစုန်   အမြန်ရထားသည်  မန္တလေးမှ  မွန်းလွဲ ၂ နာရီတွင်ထွက်ခွာ၍ ရန်ကုန်သို့ နံနက် ၇ နာရီ မိနစ် ၄၀ တွင် ရောက်ရှိမည်ဖြစ်သည်။

 


ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၌ အမှတ်(၈၁)အဆန် အမြန်ရထားသည် ရန်ကုန်မှ ည ၈  နာရီတွင် ထွက်ခွာ၍   မော်လမြိုင်သို့  နံနက် ၆ နာရီတွင် ရောက်ရှိပြီး  အမှတ်(၈၂)အစုန်  အမြန်ရထားသည် မော်လမြိုင်မှ  ည ၈ နာရီတွင်  ထွက်ခွာ၍   ရန်ကုန် သို့   နံနက် ၆ နာရီ ၁၅  မိနစ်တွင်  ရောက်ရှိမည်ဖြစ် သည်။

 


ရန်ကုန်-ပြည်လမ်းပိုင်း၌ အမှတ်(၆၁)အဆန် အမြန်ရထားသည်  ရန်ကုန်မှ  ည ၈ နာရီခွဲတွင် ထွက်ခွာ၍   ပြည်သို့   နံနက် ၅ နာရီ ၁၅ မိနစ်တွင် ရောက်ရှိပြီး အမှတ်(၆၂)   အစုန်အမြန်ရထားသည် ပြည်မှ နံနက် ၇ နာရီ ၄၅  မိနစ်တွင်  ထွက်ခွာ၍ ရန်ကုန်သို့    ညနေ ၄ နာရီခွဲတွင်   ရောက်ရှိမည် ဖြစ်သည်။

 


ထပ်မံတိုးချဲ့ ပြေးဆွဲ


မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ရထားဖြင့် အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးနှင့် ကုန်စည်များ ကို လိုရာခရီးသို့  တင်ပို့နိုင်ရေးအတွက် စီစဉ်ပေး လျက်ရှိရာ  စီးနင်းမှုနှင့်  ကုန်စည်တင်ပို့မှု  များပြား လာသည့် အခြေအနေအပေါ်မူတည်၍ ရထားခရီးစဉ် များကို ထပ်မံတိုးချဲ့ ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်