မြိတ် ဇူလိုင် ၉
ကျေးလက်ဒေသများတွင် ရေမလုံလောက်မှုနှင့် နွေရာသီ ရေရှားပါးပြတ်လပ်မှုမဖြစ်ပေါ်စေရန် ကျေးရွာရှိရေရရှိနိုင်သော ရေအရင်းအမြစ်များမှ ရေပေးရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိရာ မြိတ်မြို့နယ် ကဟန်းအုပ်စု တောင်ဖီလာကျေးရွာတွင် ကျေးရွာ ပြည်သူများအတွက် တစ်ရက်လျှင် ရေသန့် လီတာ ၅၀၀၀ ကျော် ထွက်ရှိမည့် ရေသန့်စင်စနစ်နှင့် ရေဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်ကို တည်ဆောက် ပေးလျက်ရှိကြောင်း သိရသည်။
ရေသန့်စင်စနစ်လုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ရန်ပုံငွေ ကျပ်သိန်း ၂၅၀ ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်း၌ Lifestraw ၁၂ ယူနစ်၊ Polymer Tank ငါးလုံး တပ်ဆင်၍ ရေသန့်စင်စနစ်နှင့် ရေဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ ရေသန့်စင်စနစ် လုပ်ငန်း ဆောင်ရွက်ပြီးပါက တစ်ရက်လျှင် ရေသန့်စုစုပေါင်း လီတာ ၅၀၀၀ ကျော် ထွက်ရှိမည်ဖြစ်ပြီး ကျေးရွာရှိ အိမ်ခြေ ၂၂၀ မှ ပြည်သူ ၁၂၀၀ ခန့်အတွက် သောက်ရေအဖြစ် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (SDG-6) ဖြင့် ၂၀၃၀ တွင် ကျေးလက်နေပြည်သူအားလုံး ထိရောက်အကျိုးရှိ သော၊ ကုန်ကျစရိတ်ကျခံနိုင်သော၊ တန်းတူညီမျှမှုကိုပေးသော ကျေးရွာရေရရှိရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ကျေးလက်ဒေသ အားလုံးတွင် ဘေးကင်းလုံခြုံစိတ်ချစွာဖြင့် လွှမ်းခြုံမှု ၁၀၀ ရာခိုင်နှုန်းပြည့်မီစေရေး ကာလတို၊ ကာလရှည် စီမံကိန်းများရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အထိ မြိတ်မြို့နယ်အတွင်း ကျေးလက်နေပြည်သူများအတွက် ကျေးလက်ရေ ရရှိရေး လုပ်ငန်းပေါင်း ၁၆၇ ခု ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)



