ပင်လယ်ပြာ (ငါးဦးစီး)
ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practice – GAqP) ဆိုသည်မှာ ရေသတ္တဝါများ မွေးမြူထုတ်လုပ်ရာတွင် နိုင်ငံအဆင့် နှင့် နိုင်ငံတကာ အစားအစာ ဘေးအန္တရာယ်ကင်းစင်မှု စံချိန်စံညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိသော မွေးမြူ ထုတ်လုပ်မှုကျင့်စဉ် ဖြစ်ပါသည်။
GAqP ကျင့်စဉ်နှင့်အညီ မွေးမြူထုတ်လုပ်လျှင်
ဘာတွေအကျိုးရှိမှာလဲ-
- စျေးကွက်အခွင့်အလမ်းပေါများပြီး အီးယူ နိုင်ငံများအပါအဝင် နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချနိုင်ခြင်း။
- စားသုံးသူများအနေဖြင့် အစားအစာ ဘေး အန္တရာယ်ကင်းစွာဖြင့် ယုံကြည်စိတ်ချစွာ စားသုံးနိုင်သည့် အခွင့်အလမ်းများ ရရှိခြင်း တို့ဖြစ်သည်။
ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်တွင် လိုက်နာရမည့် အခြေခံမူ (၄) ချက်မှာ-
(၁) အစားအစာ ဘေးကင်းလုံခြုံမှု၊
(၂) မွေးမြူသော ရေသတ္တဝါများ၏ ကျန်းမာရေး နှင့် ကောင်းစွာရှင်သန်ရေး၊
(၃) ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊
(၄) လူမှုစီးပွားကဏ္ဍများ ညီညွတ်မျှတ တိုးတက် ရေးတို့ ဖြစ်ပါသည်။
ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးတွင် ကျင့်စဉ် (၈) ခု ရှိပါသည်။ ၎င်းတို့မှာ-
(၁) နေရာရွေးချယ်ခြင်း
(က) ရာသီဥတုနှင့် ပတ်ဝန်းကျင်အခြေအနေများ သည် မွေးမြူမည့်စနစ်နှင့် လိုက်လျောညီထွေ ရှိသင့်ပါသည်။
(ခ) သန့်ရှင်းသည့် လေ၊ ရေ၊ မြေ အရင်းအမြစ် ရရှိရန်ဖြစ်ပြီး သဘာဝကြောင့်ဖြစ်စေ၊ လူ့ပယောဂကြောင့်ဖြစ်စေ ဖြစ်ပေါ်သည့် ဓာတုညစ်ညမ်းမှု မရှိသော နေရာဖြစ်ရပါမည်။
(ဂ) ကန်ရေမစိမ့်သောမြေ(ရွှံ့စေးမြေ)ကို ရွေးချယ် ရပါမည်။
(၂) မွေးမြူရေးကန်များ စီမံခန့်ခွဲခြင်း
(က) မွေးမြူရေးကန်ပုံကြမ်း(Lay Out Plan)ရေးဆွဲ ထားရှိရပါမည်။
(ခ) ကန်တစ်ကန်မှ တစ်ကန်သို့ ရောဂါမကူးစက် နိုင်ရန် ကန်တစ်လုံးချင်းစီသို့ ရေသွင်း/ရေထုတ်ပြုလုပ်ရာတွင် အသုံးပြုသည့် ရေပိုက်၊ ရေမြောင်း၊ ရေတံခါးများကို စနစ်တကျ စီစဉ် ထားရပါမည်။
(ဂ) ငါးမွေးမြူသည့်ကန်မှ ရေစွန့်ထုတ်ရာတွင် စွန့်ထုတ်ရေများကို ရေဆိုးစွန့်သည့်ကန် (Waste Water Pond) ၌ ထားရှိရပါမည်။ ရေဆိုးစွန့်ကန်မရှိပါက စွန့်ထုတ်မည့် ရေဆိုး များကို လုံလောက်သည့် အချိန်ကာလ အထိ ထားရှိခြင်း(သို့) ပြင်ပပတ်ဝန်းကျင်သို့ စွန့်ထုတ်နိုင်သည့်အဆင့် ရောက်/မရောက် တိုင်းတာစစ်ဆေးပြီးမှသာ စွန့်ထုတ်ရပါ မည်။
(ဃ) မိုးရေတစ်ခုတည်းသာ အားထားမွေးမြူသည့် ကန်များတွင် ရေလှောင်ကန် (Reservoir) လုံလောက်စွာ ရှိရပါမည်။
(၃) အထွေထွေသန့်ရှင်းမှုကျင့်စဉ်
(က) ရေသတ္တဝါများမွေးမြူရာတွင် အခြားတိရစ္ဆာန် များ ရောနှောမွေးမြူခြင်းမပြုရပါ။ ဥပမာ- ကြက်၊ ဝက်၊ ဆိတ်၊ နွား။
(ခ) ငါးကန်သန့်ရှင်းမှု၊ ငါးကန်အတွင်း ရေနေ အပင်များ သန့်ရှင်းမှု၊ တစ်ကိုယ်ရေသန့်ရှင်း မှု၊ လက်ဆေးရန် ရေပုံး၊ ဆပ်ပြာထားရှိမှု၊ လုပ်ငန်းသုံးပစ္စည်းများ သန့်ရှင်းမှု၊ အမှိုက် ခြင်း ထားရှိရပါမည်။
(ဂ) အိမ်သာများ စနစ်တကျထားရှိပြီး ငါးကန်နှင့် ပေ ၅၀ အကွာတွင် တည်ဆောက်ရပါမည်။
(၄) အစားအစာစီမံခန့်ခွဲမှု
(က) သန့်ရှင်းလတ်ဆတ်သည့်အစာများကို သုံးစွဲ ရပါမည်။
(ခ) လေဝင်လေထွက်ကောင်းသော မိုးလုံ၍ အပူချိန်မများသည့်နေရာတွင် ထားရပါမည်။
(ဂ) ကြွက်နှင့် အခြားပိုးမွှားများ မဝင်ရောက်စေရန် စီစဉ်ထားရှိရပါမည်။
(၅) တိရစ္ဆာန်ဆေးဝါးများနှင့် ဓာတုဗေဒဆေးဝါး များ စီမံခန့်ခွဲမှု
(က) တားမြစ်ထားသည့် ဆေးဝါးများကို မသုံးစွဲ ရပါ။ ခွင့်ပြုထားသည့် ဆေးဝါးများကိုသာ သုံးစွဲရပါမည်။ ဆေးဝါးနားလည်တတ်ကျွမ်းသူ နှင့် ဆွေးနွေးတိုင်ပင်ပြီးမှသာ သုံးစွဲရပါမည်။
(ခ) ဆေးဘူးပေါ်တွင် မြန်မာ/အင်္ဂလိပ် နှစ်ဘာသာ ဖြင့် အညွှန်းရေးထားသည့် ဆေးဘူးကိုသာ အသုံးပြုရပါမည်။ အညွှန်းအတိုင်း သုံးရ ပါမည်။
(ဂ) ဆေးပစ္စည်း၊ ထုံးနှင့် အခြားဓာတုဆေးဝါးများ ကို သီးခြားစီ ထားသိုရပါမည်။
(၆) ရောဂါဖြစ်နိုင်ခြေ စီမံခန့်ခွဲမှု
(က) ရောဂါမကျရောက်စေရန် ရေအရည်အသွေး၊ ငါး/ပုစွန်များ၏ အခြေအနေ၊ ရာသီဥတု အနေ အထားတို့ကို ဂရုပြုရပါမည်။
(ခ) သဘာဝဘေးအန္တရာယ် သတင်းများကို ရေဒီယို၊ တီဗွီတို့တွင် နားထောင်ရပါမည်။ ကြိုတင်ကာကွယ်မှုများ ပြင်ဆင်ထားရှိ ရပါမည်။
(ဂ) ငါးများသေဆုံးပါက အမြန်ဖယ်ရှား၍ မီးရှို့ ခြင်း၊ မြေမြှုပ်ခြင်းနှင့် သာကေတ ငါး/ပုစွန် ကျန်းမာမှုနှင့် ရောဂါထိန်းချုပ်ရေးဌာနစုသို့ ဆက်သွယ်၍ ညွှန်ကြားချက်အတိုင်း ပို့ဆောင် ရပါမည်။ ငါးသေသည့် ကန်ရေကို နှစ်ပတ် ခန့်ထားပြီး (သို့မဟုတ်) ကလိုရင်းပိုးသတ်ပြီးမှ ပြင်ပသို့ စွန့်ထုတ်ရပါမည်။
(၇) ဖမ်းဆီးပြီးနောက် စီမံခန့်ခွဲမှု
(က) အသုံးပြုသည့် ရေခဲ၊ ရေ၊ ငါးဖမ်းပိုက်၊ ခြင်း၊ သယ်ပို့ယာဉ်များ၊ သိုလှောင်ခန်းများကို သန့်ရှင်းရပါမည်။ လုပ်ငန်းသုံးပစ္စည်းများသည် ချောမွေ့ပြီး သန့်ရှင်းရေးလုပ်ရန် လွယ်ကူ ရပါမည်။
(ခ) ရောဂါလက္ခဏာပြသသည့် ငါးများ၊ လတ်တလော ဆေးဝါးသုံးစွဲထားသည့်ကန်မှ ငါးများကို ဖမ်းဆီး ကုန်ဖော်ထုတ်ခြင်း မပြုရပါ။
(ဂ) ငါးများကို ဖမ်းဆီး ကုန်ဖော်ထုတ်ရာတွင် ရေခဲ(သို့မဟုတ်) ရေခဲစိမ်သည့်ရေဖြင့် ညင်သာစွာ သေစေရပါမည်။
(၈) မှတ်တမ်းထိန်းသိမ်းခြင်း
(က) ကန်တူးဖော်ခြင်းမှတ်တမ်း၊ သားပေါက် ဝယ်ယူမှုမှတ်တမ်း၊ ရေတိုင်းတာစစ်ဆေးမှု မှတ်တမ်း၊ အစာဝယ်ယူမှုမှတ်တမ်း၊ နေ့စဉ် အစာကျွေးမှတ်တမ်း၊ ကန်ရေလဲလှယ်မှု မှတ်တမ်း၊ ငါးသေဆုံးမှု (ငါးရောဂါကျရောက် မှု) မှတ်တမ်း၊ ရောင်းချမှုမှတ်တမ်းစသည့်လုပ်ငန်းစဉ်တိုင်းတွင် မှတ်တမ်းထားရှိ ရပါမည်။
(ခ) မှတ်တမ်းများကို ၂၄ လ ကြာသည်အထိ စနစ်တကျ သိမ်းဆည်းထားရပါမည်။
ရရှိလာမည့် အကျိုးကျေးဇူးများမှာ-
- GAqP စနစ်ကိုကျင့်သုံးခြင်းအားဖြင့် ရေထွက် ကုန်များ၏ အရည်အသွေးနှင့် ဘေးဥပဒ် ကင်းစင်စေကြောင်း အာမခံနိုင်စေခြင်း၊
- ရေထွက်ကုန်များ၏ အရည်အသွေးသည် စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ထားသဖြင့် နိုင်ငံတကာစျေးကွက်ကို ထိုးဖောက်နိုင်ခြင်း၊
- ငါးမွေးမြူထုတ်လုပ်သည့် နည်းစနစ်သည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရန် ဆောင်ရွက်နိုင်ခြင်း၊
- နောင်အနာဂတ် ကာလအတွက်လည်း ငါးလုပ်ငန်းရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက် စေနိုင်ခြင်း၊
- သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ငါး ရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ခြင်း၊
- စားသုံးသူများသည် ဘေးဥပဒ်ကင်းစင်သော ရေထွက်ပစ္စည်းများကို ယုံကြည်စိတ်ချစွာ စားသုံးနိုင်သည့် အခွင့်အလမ်းများ ရရှိခြင်း၊
- မိရိုးဖလာမွေးမြူနည်းများသည် ရေရှည်တွင် မိမိတို့အကျိုးစီးပွား မဖြစ်ထွန်းနိုင်သည်ကို GAqP သင်တန်းများတက်ရောက်ပြီးသည့်သူတိုင်း သိရှိပြီးဖြစ်သည့်အတွက် GAqPကျင့်စဉ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာ မိမိအကျိုးစီးပွားအတွက်သာမက မြန်မာ နိုင်ငံအပါအဝင် ဒေသတွင်းဖွံ့ဖြိုးတိုးတက် မည်ဖြစ်ပြီး ငါးမွေးတောင်သူများ၏ လူမှု စီးပွားဘဝ ပြည့်စုံဖူလုံလာစေမည် ဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။



