မြိတ်ဒေသ၌ ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဘတ်/ကျပ် ဘဏ်စနစ်အသုံးပြုနိုင်ရေး ကြိုတင်ညှိနှိုင်းဆွေးနွေး

 

မြိတ်    ဇူလိုင်    ၉


တနင်္သာရီတိုင်းဒေသကြီး မြိတ်ဒေသ၌ ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘတ်/ကျပ် ဘဏ်စနစ်အသုံးပြုနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် ၈ ရက်က ပြုလုပ် သည်။ 

 


မြိတ်ဒေသတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုလုပ်ငန်း    ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများက ဘဏ်စနစ်ဖြင့် ဘတ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေး၊ ဘဏ်လုပ်ငန်းများ အကောင် အထည်ဖော်   ဆောင်ရွက်သည့်အခါ   အဆင်ပြေ ချောမွေ့စွာ   ညှိနှိုင်းပေါင်းစပ်နိုင်ရေး၊  ကုန်သည် လုပ်ငန်းရှင်များနှင့်  ဘဏ်များ   မျက်နှာချင်းဆိုင် တွေ့ဆုံ၍  လိုအပ်သည့်အခက်အခဲများ   ရှင်းလင်း ဆွေးနွေးနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ခြင်း ဖြစ်ပြီး  ယခု ညှိနှိုင်းအစည်းအဝေးသည် တတိယ အကြိမ်ဖြစ်ကြောင်း သိရသည်။

 


မြိတ်မြို့တွင် နိုင်ငံတော်ဗဟိုဘဏ်၏ ဘတ်/ကျပ် တိုက်ရိုက်ငွေပေးချေရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိထားသော ပုဂ္ဂလိက ဘဏ်များသည်     လုပ်ငန်းများဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေပြီး    ကုန်သွယ်လုပ်ငန်းရှင်များ ကလည်း စောင့်ဆိုင်းနေကြကြောင်း၊ ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိသည့်နေ့တွင် ခွင့်ပြုချက်ရရှိထားသော ပုဂ္ဂလိကဘဏ်များက လုပ်ငန်းစတင်ဆောင်ရွက်ကြ မည်ဖြစ်ကြောင်း၊ မြိတ်မြို့တွင် ဘတ်/ကျပ် တိုက်ရိုက် ငွေပေးချေရေးစနစ် အကောင်အထည်ဖော်ဆောင် ရွက်ရန်  ခွင့်ပြုချက်ရရှိထားသော   ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်ရှိကြောင်း  မြိတ်ကုန်သွယ်ရေးစခန်းမှ  သိရ သည်။

 


အစည်းအဝေးတွင်   မြိတ်ကုန်သွယ်ရေးစခန်း တာဝန်ခံက   အစည်းအဝေး၏   ရည်ရွယ်ချက်နှင့် ဘတ်/ကျပ် တိုက်ရိုက်ငွေပေးချေရေးစနစ် အကောင် အထည်ဖော်ရေး ဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားပြီး ဘတ်/ကျပ် တိုက်ရိုက်ငွေပေးချေရေး စနစ် လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာန ဆိုင်ရာ  တာဝန်ရှိသူများ၊   ပုဂ္ဂလိကဘဏ်များ၊ မြိတ် ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ၊ ကုမ္ပဏီလုပ်ငန်းရှင်များက ဆွေးနွေးခဲ့ကြသည်။


ခိုင်ထူး (ပြန်/ဆက်)