နေပြည်တော် ဇူလိုင် ၉
ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာ စောင့်သိမှုတရားပင် ဖြစ်သည်နှင့်အညီ တပ်မတော် တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး ရဲဘော်စိတ် အပြည့် ထားရှိပြီး အထက်အောက်ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ်ကြောင်း တပ်မတော် အကြီးအကဲမှ လမ်းညွှန်မှာကြားထားပြီးဖြစ်ရာ အုပ်ချုပ်မှုညီညွတ်မျှတစေရန်အတွက် ကွပ်ကဲ အုပ်ချုပ်ရာ၌ တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit) ၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ်ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်းကျောင်း များသို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြု စားပွဲများ ပြုလုပ်ပေး၍ တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အတူတကွ လက်ရေတစ်ပြင်တည်း သုံးဆောင်ကြသည်။
အလားတူ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းရှိ တပ်နယ် အသီးသီးမှ တပ်မတော်အရာရှိကြီးများကလည်း ၎င်းတို့၏ ကွပ်ကဲမှုများအလိုက် တပ်ရင်း/တပ်ဖွဲ့များ နှင့် နယ်မြေခံသင်တန်းကျောင်းများမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ အသီးသီးပြုလုပ်၍ တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစု များနှင့်အတူတကွ သုံးဆောင်ခဲ့ကြောင်း သတင်းရှိသည်။
သတင်းစဉ်



