ရန်ကုန် ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား အသိအမှတ်ပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ထမ်းများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ရေရှည်တည်တံ့ခိုင်မြဲသည့် အဖွဲ့ဖြစ်
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ အနေဖြင့် နိုင်ငံရေးလွှမ်းမိုးမှုမရှိ၊ အရောင်အသွေး မပါသည့် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ ဖြစ်ရန် လိုအပ်ကြောင်း၊ တစ်နည်းအားဖြင့် အသုံးချခံ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ မဖြစ်ရန်လိုကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသည့် စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဖြစ်ရန်လည်း တည်ဆောက်သွားကြရမည်ဖြစ် ကြောင်း၊ မိမိတို့ တိုင်းရင်းသားမျိုးနွယ်စု မပပျောက်ရေး၊ ခိုင်ခိုင်မာမာနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း လုပ်ဆောင်ကြရမည်ဖြစ် ကြောင်း၊ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား ဝန်ကြီးဌာနအသိအမှတ်ပြုပေးသကဲ့သို့ ကျန်တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က အမှာစကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ရန်ကုန်တိုင်း ဒေသကြီးအတွင်း တိုင်းရင်းသားအရေး ကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
အသိအမှတ်ပြုလွှာများ ပေးအပ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့ကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အသိအမှတ်ပြုလွှာများ ပေးအပ်သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ အသိအမှတ်ပြုလွှာ ပေးအပ်ပြီး ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ကိုးကန့် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၏ အသိအမှတ်ပြုလွှာပေးအပ်သည်။
ထောက်ပံ့ငွေများပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးတို့က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို ထောက်ပံ့ငွေများပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်



