နေပြည်တော် ဇူလိုင် ၉
၂၀၁၉ -၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ပညာရည်ထူးချွန်ဆုချီးမြှင့်ခြင်း၊ သင်တန်းထူးချွန်ဆု၊ အားကစားထူးချွန်ဆုများ ချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အစဉ်ကြိုးစားသင်ယူ
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပညာရည် မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်များကို ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ယနေ့လူငယ်များသည် နောင်တစ်ချိန် တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူ ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့်နိုင်ငံ တည်ဆောက်ရာတွင် ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အသိပညာ ဗဟုသုတမြင့်မားပြီး စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးသည်လည်း အရေးကြီးကြောင်း၊ နည်းပညာသစ် များဖြင့် စိန်ခေါ်မှု၊ ပြိုင်ဆိုင်မှု များပြားသည့် ယနေ့ ကမ္ဘာကြီးတွင် သားငယ်၊ သမီးငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချ၍ အစဉ်ကြိုးစား သင်ယူသွားကြရန် တိုက်တွန်းလိုကြောင်း၊ သင်တန်း ထူးချွန်နှင့် အားကစားထူးချွန်ဆုရရှိကြသူများ အနေဖြင့်လည်း ရရှိပြီးဖြစ်သည့် ဂုဏ်ကိုဆက်လက် ထိန်းသိမ်းပြီး ယခုထက် ပိုမိုကြိုးစားဆောင်ရွက် ကြခြင်းဖြင့် နိုင်ငံတော်၊ ဝန်ကြီးဌာနနှင့် မိမိတို့၏ ဂုဏ်ကို မြှင့်တင်နိုင်ကြသူများ၊ နိုင်ငံတော်၏ ကျေးဇူး သစ္စာကို တုံ့ပြန်ပေးဆပ်နိုင်ကြသူများ ဖြစ်နိုင်ကြ စေရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။
ပညာသင်ထောက်ပံ့ကြေးများချီးမြှင့်
ထို့နောက် ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်များတွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူး ဖြင့် အောင်မြင်ခဲ့ကြသူများကို ဂုဏ်ပြုဆုများ ချီးမြှင့် ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက ခြောက်ဘာသာ ဂုဏ်ထူးရရှိသူ ၁၉ ဦးကိုလည်းကောင်း၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းတို့က ငါးဘာသာဂုဏ်ထူးရရှိသူ ၁၉ ဦးကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက လေးဘာသာ ဂုဏ်ထူးရရှိသူ ၃၆ ဦး၊ သုံးဘာသာဂုဏ်ထူး ရရှိသူ ၄၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ ၇၃ ဦး၊ တစ်ဘာသာဂုဏ်ထူးရရှိသူ ၁၆၈ ဦး၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်သင်တန်းများတွင် ထူးချွန်ဆုရရှိသူ ၁၂ ဦး၊ ဝန်ကြီးဌာနအဆင့် ထူးချွန်ဆုရရှိသူ ခုနစ်ဦးနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ဝန်ကြီးဌာနကိုယ်စားပြု ဘောလုံး အသင်း၊ အမျိုးသမီးလွန်ဆွဲအသင်း၊ ပြေးခုန်ပစ် အားကစားသမားများကို ဆုများပေးအပ်ချီးမြှင့်ကြပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ တွင် ပညာသင်ကြားနေကြသော ဝန်ထမ်းသားသမီး များသို့ ပညာသင်ထောက်ပံ့ကြေးများကို ချီးမြှင့် ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆုရကျောင်းသား ကျောင်းသူများ၊ သင်တန်းထူးချွန် ဆုရရှိသူများနှင့် အားကစားထူးချွန်ဆုရရှိသူများ သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ပြည်ထောင်စုဝန်ကြီးက ရင်သွေးငယ်များကို ထူးချွန် အောင် ပြုစုပျိုးထောင်ပေးခဲ့ကြသည့် မိဘဝန်ထမ်း များနှင့် ကြိုးစားဖြေဆိုအောင်မြင်ခဲ့ကြသည် ထူးချွန်သူ ကျောင်းသား ကျောင်းသူများကို ရင်းရင်း နှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်



