ရန်ကုန် ဇူလိုင် ၈
မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ ဦးဆောင်မှု ဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းက ကြီးမှူးစစ်ဆေးလျက်ရှိသည့် ITPEC စာမေးပွဲ၏ အောက်တိုဘာလ စာမေးပွဲအတွက် အထောက် အကူပြု သင်တန်းနှစ်မျိုးကို မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းက ဇူလိုင်လအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းက ဖွင့်လှစ်မည့် အထောက်အကူပြုသင်တန်း နှစ်မျိုးမှာ FE စာမေးပွဲနှင့် IT Passport စာမေးပွဲတို့ အတွက်ဖြစ်ပြီး သင်တန်းကာလမှာ သုံးလစီဖြစ် ကြောင်း၊ စာမေးပွဲများတွင် ဖြေဆိုအောင်မြင်သူများ တိုးတက်လာစေရန် ရည်ရွယ်၍ စာမေးပွဲအထောက် အကူပြု သင်တန်းများကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
FE စာမေးပွဲအတွက် အထောက်အကူပြုသင်တန်း ကို တန်းခွဲ(A)နှင့် (B)ဟု နှစ်ခုခွဲ၍ ဖွင့်လှစ်မည်ဖြစ်ပြီး တန်းခွဲ(A)ကို ဇူလိုင် ၁၈ ရက်မှ စဖွင့်ကာ အပတ်စဉ် တနင်္လာမှ ကြာသပတေးနေ့အထိဖွင့်မည်ဖြစ်သည်။ တန်းခွဲ(B)ကို ဇူလိုင် ၁၅ ရက်မှ စဖွင့်မည်ဖြစ်ကာ အပတ်စဉ် သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်မည့် ရုံးချိန်လွတ်သင်တန်းဖြစ်သည်။ IT Passport စာမေးပွဲ အထောက်အကူပြုသင်တန်းကိုမူ အပတ်စဉ် တနင်္လာမှ ကြာသပတေးနေ့အထိ တက်ရ မည့် တန်းခွဲတစ်ခုသာ ဖွင့်မည်ဖြစ်ပြီး ဇူလိုင် ၁၈ ရက်တွင် စဖွင့်မည်ဖြစ်သည်။ သင်တန်းများအတွက် သင်တန်းကြေးမှာ ကျပ်သုံးသိန်းဖြစ်ပြီး တစ်လလျှင် ကျပ်တစ်သိန်း ပေးသွင်းနိုင်ကြောင်း၊ သင်တန်းများ ကို မန္တလေးမြို့ ရွှေဖြူပလာဇာ၌ ဖွင့်လှစ်မည်ဖြစ်ပြီး အသေးစိတ်အချက်များကို ဖုန်း-၀၉ ၇၇၈၈၃၀၄၄၄ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
ITPEC စာမေးပွဲ သုံးမျိုးအနက် Fundamental IT Engineer(FE)နှင့် IT Passport(IP) စာမေးပွဲ များသည် နည်းပညာဆိုင်ရာ အခြေခံဗဟုသုတရှိပြီး နည်းပညာနှင့်သက်ဆိုင်သော လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသူများအတွက် ရည်ရွယ်၍ စစ်ဆေးသော စာမေးပွဲများဖြစ်ကာ မြန်မာနိုင်ငံမှ ဖြေဆိုသူ များပြားသော စာမေးပွဲများလည်းဖြစ် သည်။
ITPEC စာမေးပွဲများကို တစ်နှစ်နှစ်ကြိမ် ဧပြီလ နှင့် အောက်တိုဘာလတွင် စစ်ဆေးပြီး ပြီးခဲ့သော ၂၀၂၁ ခုနှစ်အတွင်း နှစ်ကြိမ်လုံး စစ်ဆေးနိုင်ခြင်း မရှိခဲ့ဘဲ ယခုနှစ် ဧပြီလတွင်မှ ပြန်လည်စစ်ဆေး နိုင်ခဲ့ပြီး IT Passport စာမေးပွဲတွင် ၃၁၃ ဦးနှင့် FE စာမေးပွဲတွင် ၂၃၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ကိုစိုး



