နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂျပန်နိုင်ငံဝန်ကြီးချုပ် ထံသို့ ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Shinzo Abe သေဆုံးမှုနှင့်ပတ်သက်၍ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ထံသို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Shinzo Abe သေဆုံးမှုနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ ထားပါသည်။ အဆိုပါသဝဏ်လွှာ အပြည့်အစုံမှာ -


အဆွေတော်    


ဂျပန်နိုင်ငံ၊  ဝန်ကြီးချုပ်ဟောင်း  Mr.  Shinzo  Abe  သည်  ၂၀၂၂  ခုနှစ်၊  ဇူလိုင်လ  ၈   ရက်တွင်  နာရာမြို့ ၌   သေနတ်သမားတစ်ဦး၏ လုပ်ကြံပစ်ခတ်မှုကြောင့်   ကွယ်လွန်သွားသည့်သတင်းကို   အံ့ဩ တုန်လှုပ်စွာ ကြားသိရသည့်အတွက် မိမိအနေဖြင့် လွန်စွာစိတ်မကောင်း ဖြစ်မိပါသည်။  ယင်းဆင်ခြင်တုံ ကင်းမဲ့ပြီး သူရဲဘောကြောင်သည့် အကြမ်းဖက်လုပ်ရပ်ကို မိမိတို့အနေဖြင့် ပြင်းထန်စွာရှုတ်ချပါသည်။

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့်  ပြည်သူများကိုယ်စား၊ မိမိအနေဖြင့် အဆွေတော်ထံ သို့လည်းကောင်း၊  အဆွေတော်ထံမှတစ်ဆင့်  ဂျပန်အစိုးရနှင့်  Mr.  Abe ၏  မိသားစုဝင်များထံသို့ လည်းကောင်း အထူးဝမ်းနည်းကြေကွဲရပါကြောင်း  ပြောကြားလိုပါသည်။

 


ဂျပန်နိုင်ငံနှင့်   ပြည်သူများအတွက်  Mr.  Abe ၏ စံနမူနာယူထိုက်သော ပေးဆပ်မှုများကို ဂျပန်ပြည်သူများ၏ နှလုံးသားတွင် အစဉ်အမြဲကိန်းအောင်းနေမည် ဖြစ်ပါသည်။  Mr.  Abe သည် မြန်မာနိုင်ငံ၏ စစ်မှန်သောမိတ်ဆွေကောင်းနှင့် မိတ်ဆွေဟောင်းတစ်ဦးဖြစ်ပြီး ၎င်း၏ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရန် သန္နိဋ္ဌာန်ချ ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများအပေါ် မြန်မာပြည်သူများအနေဖြင့် အမြဲအောက်မေ့သတိတရရှိနေမည် ဖြစ်ပါသည်။ ယခုလို ပူဆွေးသောကရောက် နေသည့်အချိန်တွင် မြန်မာပြည်သူများကလည်း ဂျပန်ပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပါသည်။

 


အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ထပ်လောင်းဖော်ပြအပ်ပါကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Shinzo Abe ၏ ဇနီးဖြစ်သူ Mrs. Akie Abe ထံသို့လည်း   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က  ဝမ်းနည်းကြောင်းသဝဏ်လွှာကို ပေးပို့ထားကြောင်း သိရှိရသည်။                                        

သတင်းစဉ်