နေပြည်တော် ဇူလိုင် ၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇူလိုင် ၇ ရက် နံနက် ပိုင်းက တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း)ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုကို ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလော မြို့နယ် ဘော်နင်းကျေးရွာသို့ရောက်ရှိပြီး ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ခေတ်မီစံပြကျေးရွာ ၄၂ ရွာ ရွေးချယ် ၍ Pilot Project အနေဖြင့် ယခုဘဏ္ဍာနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ စံပြကျေးရွာများ ရွေးချယ်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသထွက်ကုန် စသည်တို့ကို အခြေခံ၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘော်နင်းကျေးရွာအတွက် ဆောင်ရွက်ပေးထားသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်းနှင့် Cash For Work စီမံကိန်းခွင့်ပြုရန်ပုံငွေများအား စီမံကိန်းလက်စွဲပါ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျေးရွာလူထုမှ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ နယ်မြေ ဒေသ တည်ငြိမ်အေးချမ်းရန်လည်း လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဘော်နင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုအေးက ကျေးရွာအတွက် လုပ်ငန်းလိုအပ်ချက် တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ကျေးရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် ရွာတော်-မြက်ဆက်(တ)-မြက် ဆက်(မ)-ဘော်နင်း ကျေးရွာ လေးရွာ၏ ကတ္တရာ ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်း လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ညောင်ရွှေမြို့နယ် စိုက်ပျိုးရေးကျေးရွာရှိ ရှမ်းပြည် နယ် သမဝါယမအသင်းစုချုပ်က ဆောင်ရွက်နေသော သဘာဝမြေဩဇာထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိ ရာ သဘာဝမြေဩဇာ လက်တွေ့အသုံးပြုနေသော စပါးစိုက်တောင်သူတစ်ဦးနှင့် ပြောင်းစိုက်တောင်သူ တစ်ဦးတို့က စိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တင်ပြမှုများအပေါ် ဒုတိယ ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ ယင်းနောက် အင်းလေးကန်အတွင်းမှ ဗေဒါမြေဆွေး ကုန်ကြမ်း ရရှိသည့်နေရာသို့ စက်လှေဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက် နေမှုများအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
တွေ့ဆုံအားပေး
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တောင်ကြီးမြို့ သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိကာ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအားပေး စကားများပြောကြားပြီး သင်တန်းကျောင်းအတွင်းရှိ စာသင်ဆောင်၊ သင်တန်းသား အိပ်ဆောင်များ၊ စားရိပ်သာနှင့် မီးဖိုချောင်တို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်



