လယ်ဝေးမြို့နယ် ချောင်းမငယ် ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီရေး ရှေ့ပြေးစီမံကိန်း ဆောင်ရွက်

 

လယ်ဝေး    ဇူလိုင်   ၈


နေပြည်တော်ကောင်စီအဖွဲ့ဝင်   ဦးမြင့်စိုးနှင့်  တာဝန်ရှိသူများသည်   ဇူလိုင်   ၄   ရက်က   လယ်ဝေးမြို့နယ်  ဗောဓိကုန်းကျေးရွာအနီးရှိ     ချောင်းမငယ်ဆည်ရေသောက်စနစ်အတွင်း  ဆည်ရေပေးဝေမှုတိုးတက် ခေတ်မီရေးရှေ့ပြေးစီမံကိန်းဆောင်ရွက်မည့် အခြေခံလုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးသည်။ 

 


ရှေးဦးစွာ    ဆည်မြောင်းနှင့်   ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန      တည်ဆောက်ရေး(၅)မှ လက်ထောက်ညွှန်ကြားရေးမှူး(၂) ဦးကျော်ထိုက် က     ချောင်းမငယ်ဆည်ရေသောက်စနစ်အတွင်း    ရှေ့ပြေးစီမံကိန်း ဆောင်ရွက်ခြင်းဖြင့်    ရရှိမည့်အကျိုးကျေးဇူးများ၊ ရှေ့ပြေးစီမံကိန်းကို    လက်တံမြောင်း(၁၁)၊ စနစ်ကျလယ်ယာမြေ    ၁၂၁  ဧကတွင်  စတင်ပြီး နွေစပါးနှင့် အခြားသီးနှံများ  တိုးချဲ့စိုက်ပျိုးလာနိုင်မည့် ဧရိယာများ၊ စီမံကိန်းတွင် သုတေသနပြုလုပ်ရန်  တပ်ဆင်ထားသည့် တိုင်းတာရေး ပစ္စည်းများ၊  ရေနှင့် မြေနမူနာများယူခြင်း စသည်တို့ကို   ရှင်းလင်းတင်ပြ သည်။

 


ဒေသခံတောင်သူများ အကျိုးဖြစ်ထွန်း


နေပြည်တော်ကောင်စီအဖွဲ့ဝင်က      ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဆည်ရေများ လေလွင့်ဆုံးရှုံးမှုနည်းပါးကာ ရေကြီးနစ်မြုပ်မှုမှ ကာကွယ် ပေးနိုင်ခြင်း၊ စိုက်ပျိုးမြေဧရိယာများ ထပ်မံတိုးတက်လာနိုင်ခြင်း၊ မိုးရေ ချိန်၊  ရေငွေ့ပြန်နှုန်းနှင့် မြေဆီလွှာပျက်စီးဆုံးရှုံးမှုကို စဉ်ဆက်မပြတ်    သိရှိလာနိုင်ခြင်းနှင့်  ရေစီမံခန့်ခွဲမှုကို မြန်မြန်ဆန်ဆန်  ဆောင်ရွက်နိုင် မည်ဖြစ်၍ ဒေသခံတောင်သူများအနေဖြင့်  အကျိုးများစွာ ဖြစ်ထွန်းလာ မည့်  စီမံကိန်းဖြစ်ကြောင်း၊ နေကြာ၊ ဈေးကွက်ရရှိသည့် ပြောင်းနှင့်     အစေ့ထုတ်နှံစားပြောင်းများကို  နွေရာသီတွင် သီးထပ်တိုးချဲ့စိုက်ပျိုး ရန်နှင့်  လိုအပ်သော မျိုးကောင်းမျိုးသန့်များရရှိရေး၊  စိုက်နည်းစနစ် မှန်ကန်စေရေးနှင့် သွင်းအားစုများရရှိရေးတို့အတွက် ယခုအချိန်မှစ၍ ဆောင်ရွက် မည့် အစီအမံများကို ပြန်လည်တင်ပြရန် မှာကြားခဲ့သည်။ 

 


ဆက်လက်၍   ဒက္ခိဏခရိုင်  စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထိန်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ    ဦးမြင့်ဆောင်နှင့်    အဖွဲ့ဝင် ဦးဝင်းအောင်တို့က   ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 


ဆည်ရေပေးဝေ


အဆိုပါ စီမံကိန်းသည် လယ်ဝေးမြို့နယ်အတွင်းရှိ ချောင်းမငယ် ဆည်ရေသောက်ဧရိယာတွင်   ပါဝင်သည့်   လက်တံမြောင်း(၁၁)၏ မြောင်းဖျားရေသောက်  ဧရိယာဖြစ်သည်။   ချောင်းမငယ်  ဆည်ရေ သောက်စနစ်တွင် တူးမြောင်းမကြီးအလျား ၁၉ မိုင်၊ လက်တံမြောင်း များအလျား  ၂၉ မိုင် ရှည်လျားပြီး စိုက်ဧက ၇၂၁၉ ဧကသို့ ဆည်ရေ ပေးဝေလျက်ရှိကြောင်း သိရသည်။

 


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်သည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်   ဌာန ဆိုင်ရာများနှင့် တွေ့ဆုံပြီး  လိုအပ်သည်များ  ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။    


မြို့နယ်(ပြန်/ဆက်)