မုံရွာ ဇူလိုင် ၈
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည် ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို ဇူလိုင် ၈ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်သည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်း ခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် ကြရန်နှင့် ယင်းတို့၏ ပတ်ဝန်းကျင်ရှိ မိဘများနှင့် ဆက်စပ်သူများအား အသိပညာပေးခြင်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ကြရန်လိုကြောင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခဲ့သော လုပ်ငန်းရှင်များနှင့် အမြတ်ထုတ်သူများ အပေါ် ထိရောက်သော အရေးယူမှုများ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးသူငယ်များအတွက် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ဥပဒေစည်းမျဉ်း၊ စည်းကမ်း လုပ်ထုံး လုပ်နည်းများ၊ အသိပညာပေးခြင်းကို ကော်မတီဝင်များက စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုကြောင်း အမှာ စကားပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး လူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက တိုင်းဒေသကြီးအတွင်း ရှိ ခရိုင်နှင့် မြို့နယ်များတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်အညီ ကလေးသူငယ်အပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း၊ ကာကွယ် စောင့်ရှောက်ရန်လိုအပ်သော ကလေး သူငယ်များအကြောင်းတို့အပြင် ကလေး သူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခ အကြောင်း သိကောင်းစရာများ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များရရှိရမည့် အခွင့်အရေးများ၊ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံ ချက်နှင့် စပ်လျဉ်း၍ အဓိပ္ပာယ်ဖွင့်ဆိုချက် အကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာ သော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက် ပေးနေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
အဆိုပါ အစည်းအဝေး၏ ဆုံးဖြတ် ချက်များအရ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေ ခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေး အလုပ်သမားများအား တွေ့ရှိပါက ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်အကျဉ်း၊ ရပ်ကွက်/ ကျေးရွာ ထောက်ခံချက်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထောက်ခံချက်၊ ကလေး၏ ဓာတ်ပုံ၊ အသက်အထောက်အထား၊ အမှုဖွင့်ထား သောစာ စသည့်အထောက်အထား ခိုင်လုံစွာဖြင့် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ဖုန်းနံပါတ် ၀၇၁-၂၀၂၆၂၇၁၊ ၀၇၁-၂၀၂၂၈၇၂ တို့အပြင် ခရိုင်/ မြို့နယ် လူမှုဝန်ထမ်းရုံးများနှင့် မူလတန်းကြိုကျောင်းများသို့ ဆက်သွယ် ၍ သတင်းပေးပို့နိုင်ကြောင်း သိရသည်။
ကော်မတီအနေဖြင့်လည်း အဆိုးရွား ဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေး အလုပ်သမားများအား ကျန်းမာရေးစရိတ် အဖြစ် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀၀ နှုန်းနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်း ခံရသော ကလေးအလုပ်သမားများအား ပြန်လည် ထူထောင်ရေးစရိတ်အဖြစ် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း တာဝန်ရှိ သူ၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)



