၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် မိသားစုများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့

 

ရန်ကုန်    ဇူလိုင်   ၈ 


ပြန်ကြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် အလှူရှင် များပူးပေါင်း၍ ရုပ်ရှင်အစည်းအရုံးဝင် ရုပ်ရှင်လောကသားမိသားစုများ၏ သားသမီး ၁၃၄ ဦးကို   ကျောင်းဝတ်စုံ၊ ကျောင်းသုံးသင်ထောက်ကူ ပစ္စည်းများနှင့် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်  ၁၀ နာရီက  ရန်ကုန်မြို့  ဗဟန်းမြို့နယ်  ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။

 


ရှေးဦးစွာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ဦးအောင်လွင်နှင့်   မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းတို့က အမှာ စကားပြောကြားပြီး ပြန်ကြားရေးဝန်ကြီးဌာနမှလှူဒါန်းသော ငွေကျပ် ၁၀ သိန်းကို   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ရုပ်ရှင် မြှင့်တင်ရေးဌာနခွဲမှ အကြံပေး ဦးသိန်းနိုင်ကပေးအပ်ရာ မြန်မာနိုင်ငံ  ရုပ်ရှင်အစည်းအရုံးနာယကနှင့်  ဥက္ကဋ္ဌတို့က  လက်ခံရယူ၍ (ယာပုံ) ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 

 


ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်များဖြစ်ကြသည့် ရုပ်ရှင်သရုပ်ဆောင်များနှင့် အလှူရှင်များက ပညာသင်ထောက်ပံ့စရိတ် တစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀၊ ကျောင်းစိမ်းဝတ်စုံ တစ်စုံ၊ ဗလာစာအုပ် နှစ်ဒါဇင်၊ ကွန်ပါဘူး၊  ခဲတံ၊  ဘောပင်၊  ချွန်စက်၊  ခဲဖျက်၊  ရေဘူးနှင့်  ထီးတို့ကို  ကျောင်းသား  ကျောင်းသူ ၁၃၄ ဦးတို့အား  ထောက်ပံ့ ပေးအပ်သည်။

 


အခမ်းအနားသို့    ပြန်ကြားရေးဝန်ကြီးဌာန   မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ အဖွဲ့ဝင်များနှင့် ရုပ်ရှင်သရုပ်ဆောင်များ၊ ရုပ်ရှင်အလွှာ ၁၀ လွှာမှ လောကသားများ တက်ရောက်ကြကြောင်း သိရသည်။


ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ - ကနူး