မန္တလေး
ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အကြိုဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့် ပွဲကို ယမန်နေ့က ရတနာပုံတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အမှာစကား ပြောကြားပြီး သမိုင်းဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာထွန်းထွန်းရှိန် က “ ၁၉ ဇူလိုင် မမေ့နိုင်” ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများ၏ သိရှိလိုသည့် မေးခွန်းများကို ပြန်လည်ဖြေကြားပေးသည်။
ဆက်လက်ပြီး ဇူလိုင် ၅ ရက်တွင် ပြုလုပ်ခဲ့သည့် စာစီစာကုံး ပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူ များနှင့် ဆောင်းပါးပြိုင်ပွဲတွင် ဂုဏ်ပြုဆုရရှိသူတို့အား ဒုတိယ ပါမောက္ခချုပ်များက ဆုများချီးမြှင့်သည်။
တင်မောင် - မန္တလေး
ရှမ်းရွာသစ်
ကရင်ပြည်နယ် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ အာဇာနည်နေ့ အကြို အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ် စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဇင်မိုးအေးက အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောပြီး အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း အရာများကို ထုတ်နုတ်ထားသည့် နံရံကပ်စာစောင်များ ပြသ ဆောင်ရွက်ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)
ညောင်ရွှေ
(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီ စာကုံးနှင့် ကဗျာပြိုင်ပွဲကို ဇူလိုင် ၈ ရက်က ညောင်ရွှေမြို့နယ် ပညာရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲတွင် အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက ဟဲယာရွာမ၊ အထက(ခွဲ) လွယ်ခေါ့၊ အထက(ခွဲ) အိုင်ထောင့်ကြီးနှင့် အထက(ခွဲ) အင်းတိန်ကုန်းတို့မှ ကျောင်းသား ကျောင်းသူများက အာဇာနည်နေ့ တို့မမေ့ ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်



