နေပြည်တော် ဇူလိုင် ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသည်။
အဆိုပါ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် တို့ တက်ရောက်ကြပြီး လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) မှ အထွေထွေ အတွင်းရေးမှူးနှင့်အတူ တွဲဖက်အတွင်းရေးမှူး (၂) ကျာယာကုပ်နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် ကျာဖူးတို့ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်သူလူထုဆန္ဒ နှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံး ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီ စနစ်ကိုဖော်ဆောင်ရာတွင် အသိပညာ၊ အတတ် ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာရန် အဓိကလိုအပ်သည့်အတွက် တစ်နိုင်ငံလုံး တိုင်းရင်းသား ဒေသများပါမကျန် ပညာရည်မြှင့်တင်ရေးကို လက်တွေ့ကျကျ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ တင်ပြ
ထို့နောက် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) မှ အထွေထွေအတွင်းရေးမှူးနှင့်အဖွဲ့ဝင် များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရန်ရည်ရွယ်၍ ယခုကဲ့သို့ ငြိမ်းချမ်း ရေး ဖိတ်ခေါ်ဆွေးနွေးမှုအတွက် အထူးကျေးဇူးတင်ရှိ သည့်အခြေအနေနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရေးနှင့်ပတ်သက်၍ သဘောထားတူညီချက် အမြင် များကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက် ရေး ဆိုင်ရာများကိုတင်ပြသည်။ ယင်းနောက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာ ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) မှ အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) မှ အထွေထွေအတွင်းရေးမှူးက ဒေသထွက် လက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်သွားမည်
အဆိုပါ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) မှ အထွေထွေအတွင်းရေးမှူး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေး ရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



