ကျိုင်းတုံ ဇူလိုင် ၇
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ မြို့နယ်၌ စက်သုံးဆီပြတ်လပ်မှု မရှိစေရေး၊ အခြင်အတွယ်နှင့် အရည်အသွေး သတ်မှတ်စံချိန် စံညွှန်းအတိုင်း ဖြစ်စေရေးအတွက် တာဝန်ရှိသူများက ပုဂ္ဂလိက စက်သုံးဆီဆိုင်များကို ဇူလိုင် ၅ ရက် က ရှောင်တခင် စစ်ဆေးသည်။
ရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေးဦးစီးဌာန(ကျိုင်းတုံ) ပြည်နယ် ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများက ကျိုင်းတုံ မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် များတွင် အခြင်အတွယ် မှန်ကန်မှု ရှိ မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်း နှင့်အညီ ရောင်းချခြင်း ရှိ မရှိ၊ မီးဘေးအန္တရာယ် ကင်းရှင်းရေး အတွက် ကြိုတင်ကာကွယ်နိုင်ရေး အစီအမံများ စနစ်တကျဆောင်ရွက် ထားရှိမှု ရှိ မရှိနှင့် စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေးအတွက် အရောင်းဆိုင်များရှိ စက်သုံးဆီ လက်ကျန်စာရင်း တိုင်းတာ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စက်သုံးဆီရောင်းချ သူများအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းဥပဒေများအတိုင်း လိုက်နာရောင်းချရန် အသိပညာ ပေးခဲ့သည်။ စက်သုံးဆီအရောင်း ဆိုင်များ အခြင်အတွယ်နှင့် အရည်အသွေး မှန်ကန်ရေးအတွက် စစ်ဆေးမှုများကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)



