မြန်မာအမျိုးသားလေကြောင်းမှ နိုင်ငံတကာခရီးစဉ်သစ်များအဖြစ် ကူမင်းမြို့နှင့် အင်ချွန်းမြို့သို့ စတင်ပျံသန်းပြေးဆွဲမည်

 

ရန်ကုန်    ဇူလိုင်   ၆

မြန်မာအမျိုးသားလေကြောင်းမှ နိုင်ငံတကာခရီးစဉ်သစ်များအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ   ကူမင်းမြို့နှင့်   ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့ စတင်ပျံသန်းပြေးဆွဲလျက်ရှိကြောင်း ယနေ့ညနေပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် မြန်မာအမျိုးသား လေကြောင်းရုံးချုပ်၌ ပြုလုပ်သည့် မိတ်ဆက်ပွဲမှ သိရသည်။

 


မြန်မာအမျိုးသားလေကြောင်းသည်  တရုတ်နိုင်ငံ ကူမင်းမြို့သို့ ဇူလိုင် ၄ ရက်မှစ၍ နှစ်ပတ်လျှင်တစ်ကြိမ်(တနင်္လာနေ့)နှင့် ကိုရီးယား သမ္မတနိုင်ငံ အင်ချွန်းမြို့သို့  ဇူလိုင် ၂၂ ရက်မှစတင်၍ နှစ်ပတ်လျှင် တစ်ကြိမ်(သောကြာနေ့)များတွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (Terminal 1) မှ Boeing 737- 800 လေယာဉ်ပျံများဖြင့် ပျံသန်းပြေးဆွဲ သွားမည်ဖြစ်သည်။ 

 


ကူမင်းသို့ ပြေးဆွဲသည့်ခရီးစဉ်၌ ၂၀၂၂ ခုနှစ် ဇူလိုင်လနှင့် အောက်တို ဘာလတွင်   နံနက် ၁၁ နာရီတွင်   ရန်ကုန်မြို့မှ  ထွက်ခွာပျံသန်းပြီး နေ့လယ် ၂ နာရီ မိနစ် ၄၀ တွင် ကူမင်းမြို့သို့ ရောက်ရှိမည်ဖြစ်သည်။ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ကူမင်းမြို့မှ ပြန်လည်ထွက်ခွာပြီး ညနေ  ၄ နာရီ မိနစ် ၅၀ တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်သည်။ အလားတူ အင်ချွန်းသို့ ပြေးဆွဲသည့်ခရီးစဉ်၌ ဇူလိုင်လနှင့်အောက်တိုဘာလတွင် နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မှထွက်ခွာပျံသန်းပြီး ည ၇ နာရီ ၂၅ မိနစ် တွင် အင်ချွန်းသို့ ရောက်ရှိမည်ဖြစ်သည်။ အင်ချွန်းမှ ည ၈ နာရီ ၅၅ မိနစ်တွင် ပြန်လည်ထွက်ခွာပြီး နောက်နေ့ ၀၀ နာရီ ၂၅ မိနစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

 


“ခရီးစဉ်သစ်မိတ်ဆက်ပွဲက    နှစ်ပတ်လျှင်တစ်ကြိမ်    တနင်္လာ နေ့တိုင်း   ရန်ကုန်-ကူမင်း-ရန်ကုန်   ခရီးသည်လေယာဉ်ပြေးဆွဲမယ့် အစီအစဉ်တစ်ခုနဲ့   နောက်သောကြာနေ့၊   နှစ်ပတ်လျှင်   တစ်ကြိမ် ဇူလိုင် ၂၂ ရက်မှာ  ရန်ကုန်-အင်ချွန်း-ရန်ကုန်ကို ပျံသန်း ပြေးဆွဲမယ့်  မိတ်ဆက်ပွဲဖြစ်ပါတယ်”ဟု မြန်မာအမျိုးသားလေကြောင်း အမှုဆောင် အရာရှိချုပ် ကပ္ပတိန် ခုပ်ခန့်မုံက ပြောသည်။

 


မြန်မာအမျိုးသားလေကြောင်းအနေဖြင့် လာမည့်အောက်တိုဘာ ဒုတိယပတ်တွင်  အိန္ဒိယနိုင်ငံ  ဗုဒ္ဓဂါယာသို့  ပျံသန်းပြေးဆွဲနိုင်ရေးနှင့် ရန်ကုန်-ဒူဘိုင်း-ရန်ကုန်   ခရီးစဉ်ကို  ပျံသန်းပြေးဆွဲနိုင်ရေးအတွက် လည်း ဆောင်ရွက်လျက်ရှိကြောင်း  မြန်မာအမျိုးသားလေကြောင်းမှ သိရသည်။                                                              

အာကာလင်း