ရန်ကုန် ဇွန် ၂၉
TikTok ကို အသုံးပြုသူများအနက် ၁၈ နှစ်အထက် အသုံးပြုသူများ အနေဖြင့် နေ့စဉ် မိမိတို့အသုံးပြုချိန်ကို စိတ်ကြိုက်ကန့်သတ်နိုင်မည့် လုပ်ဆောင်ချက်နှင့် အသက် ၁၃ နှစ်မှ ၁၇ နှစ်ကြား အသုံးပြုသူများ အတွက် တစ်ရက်လျှင် မိနစ် ၁၀၀ ကျော် အသုံးပြုပါက အသုံးပြုချိန် ကန့်သတ်နိုင်သည့် နည်းပညာဖြင့် သတိပေးသွားမည့် လုပ်ဆောင်ချက် တို့ကို ဇွန်လလယ်ပိုင်းမှစ၍ မိတ်ဆက်ထည့်သွင်းပေးထားပြီဖြစ် ကြောင်း သိရသည်။
အသက် ၁၈ နှစ်နှင့်အထက် အသုံးပြုသူများသည် နေ့စဉ် TikTok သုံးချိန်ကို အသုံးပြုသူစိတ်ကြိုက် ကန့်သတ်နိုင်မည်ဖြစ်သည်။ အသုံးပြု သူများက တစ်ထိုင်တည်းတွင် TikTok ကို အချိန်မည်မျှကြာအောင် သုံးစွဲမည်ကို ကန့်သတ်ထားနိုင်မည်ဖြစ်ကာ သတ်မှတ်ချိန်ပြည့်ပါက အသုံးပြုသူများအနေဖြင့် ခေတ္တအနားယူရန် TikTok က သတိပေးသွား မည်ဖြစ်သည်။ ထို့အပြင် TikTok ကို အသုံးပြုချိန်များကို ဖော်ပြသည့် Dashboard အသစ်တွင်လည်း TikTok ကို သုံးနေသည့် အချိန်များ အကြောင်း၊ နေ့စဉ် အက်ပလီကေးရှင်းအသုံးပြုသည့် အချိန်အကျဉ်းချုပ်၊ အပ်ပလီကေးရှင်းကိုဖွင့်သည့် အကြိမ်အရေအတွက်နှင့် အသုံးပြုသည့် ကြာချိန်များ၊ နေ့အချိန်နှင့် ညအချိန် ခွဲခြမ်းစိတ်ဖြာခြင်းစသည့် ဒေတာများကို ဖော်ပြပေးမည်ဖြစ်သည်။
အသုံးပြုသူများအနေဖြင့် ၎င်းတို့၏အသုံးပြုချိန်များကို ပြန်လည်သုံးသပ်နိုင်ရန် အပတ်စဉ် အသိပေးချက်များကိုလည်း တောင်းဆိုလိုက TikTok တွင် တောင်းဆို နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အသက် ၁၃ နှစ်မှ ၁၇ နှစ်ကြား အသုံးပြုသူများအတွက် လည်း တစ်ရက်တည်းအတွင်း မိနစ် ၁၀၀ ထက်ပို၍ အက်ပလီကေးရှင်းကို အသုံးပြုသောအခါ အက်ပလီကေးရှင်းကို နောက်တစ်ကြိမ်ဖွင့်သည်နှင့် အသုံးပြုချိန်ကန့်သတ်နိုင်သည့် နည်းပညာဖြင့် သတိပေးသွားမည်ဖြစ် ကြောင်း သိရသည်။
အသုံးပြုသူများသည် TikTok အပါအဝင် ဒစ်ဂျစ်တယ်အက်ပလီ ကေးရှင်းများကို အချိန်အကန့်အသတ်ဖြင့် အသုံးပြုခြင်းဖြင့် အခြား လုပ်ငန်းဆောင်တာများအပေါ်တွင်လည်း အချိန်ပေးလုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ဆိုရှယ်မီဒီယာများတွင် လိုအပ်သည်ထက်အချိန်ဖြုန်းမှုများ လျော့ကျသွားစေမည်ဖြစ်ပြီး အချိန်၏ အကျိုးကျေးဇူးများကိုလည်း ပြန်လည်သုံးသပ်နိုင်မည်ဖြစ်ကြောင်း TikTok ၏ မြန်မာနိုင်ငံမှ Digital Literacy Hub တာဝန်ရှိသူက ပြောကြားသည်။ TikTok အနေဖြင့် ဒစ်ဂျစ်တယ်ကျန်းမာရေးတွင် ရင်းနှီးမြှုပ်နှံခြင်း အစီအစဉ်များကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု မြန်မာဘာသာဖြင့်ထုတ်ပြန်သည့် TikTok ၏ သတင်းခန်းဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။
ကိုစိုး



