ရန်ကုန် ဇွန် ၁၉
(၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေးတို့သည် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ပြသမည့် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်နှင့် အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး) ပြင်ဆင်ဆောင်ရွက်နေ မှုများကို ဇွန် ၁၇ ရက်က သွားရောက် ကြည့်ရှု စစ်ဆေးကြသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့သည် (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသားပြတိုက် (ရန်ကုန်) မှ ညွှန်ကြား ရေးမှူး ဒေါ်နန်းလောင်ဝ်ငင်းနှင့် တာဝန် ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိ ပြီး အခြေအနေများနှင့် လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြ သည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို ဇူလိုင် ၁၉ ရက်မှ ၂၁ ရက် အထိ သုံးရက်တိုင်တိုင် ဝင်ကြေးအခမဲ့ ဖြင့် အများပြည်သူများအား ပြသမည် ဖြစ်သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့သည် ဗိုလ်တထောင် မြို့နယ်ရှိ အတွင်းဝန်ရုံး (ယခင်ဝန်ကြီး များရုံး) တွင် အများပြည်သူကို ပြသရန် ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)



