နေပြည်တော် ဇွန် ၁၈
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲနှင့် ငါးမျိုး စိုက်ထည့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံအနီး၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေး သိပ္ပံ(ပျဉ်းမနား)မှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ငါးမျိုးစိုက်ထည့်
ရှေးဦးစွာ အခမ်းအနား တက်ရောက်လာကြ သူများက ပေါင်းလောင်းချောင်းအတွင်းသို့ ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမ၊ ရွှေဝါငါးသားပေါက် စုစုပေါင်းကောင်ရေ နှစ်သိန်းကို ငါးမျိုးစိုက်ထည့် ပေးကြသည်။
ဂေဟစနစ်ထိန်းသိမ်း
ထို့နောက် ပေါင်းလောင်းရေလှောင်တမံ ရှင်းလင်းဆောင်၌ အခမ်းအနား တက်ရောက်လာ ကြသူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နေ့စဉ်နှင့်အမျှ တိုးပွားလာလျက်ရှိသည့် ကမ္ဘာ့ လူသားများအတွက် လိုအပ်နေသော စားနပ်ရိက္ခာ ထုတ်လုပ်မှု၊ မြို့ပြများတိုးချဲ့လာမှု၊ သဘာဝအရင်း အမြစ်များအလွန်အကျွံ ထုတ်ယူသုံးစွဲမှုများကြောင့် ယိုယွင်းလာလျက်ရှိသည့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို ပြန်လည်အားဖြည့် ထိန်းသိမ်းရန် လူသားအားလုံး၌ တာဝန်ရှိနေပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့်လည်း နိုင်ငံ အေးချမ်းသာယာပြီး စားရေရိက္ခာများ ဝဝလင်လင် စားသုံးနိုင်ရေးနှင့် ပြည်သူများ စိတ်ချမ်းချမ်းသာသာ နေနိုင်သော ပတ်ဝန်းကျင်ဖြစ်စေရန် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိရာ သစ်တောသစ်ပင်များ ပြန်လည်တိုးပွားလာရေးအတွက် နှစ်စဉ် မိုးရာသီ သစ်ပင်စိုက်ပွဲများကို ဒေသအလိုက် ကျယ်ကျယ် ပြန့်ပြန့် ကျင်းပလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ တစ်နံ တစ်လျားရှိ ကားလမ်းဘေး ဝဲယာများတွင် သစ်ပင် များ စိုက်ပျိုးသွားနိုင်ရန် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ သဘာဝမြစ်ချောင်းများတွင် ငါးသယံဇာတ အရင်း အမြစ်များ တိုးပွားလာရေးအတွက် ငါးမျိုးစိုက်ထည့် ပေးခြင်းကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သဘာဝဂေဟစနစ် ထိခိုက်မှုကို လျှော့ချနိုင်မည့် နည်းပညာများ အသုံးပြု လုပ်ဆောင်နိုင်ရေး၊ အသိပညာပေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်ရေးကို လည်း သက်ဆိုင်သူအားလုံးတို့က ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းနှင့် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝေလင်းမောင်တို့က ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က နေပြည်တော်ကောင်စီ နယ်မြေ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာ လှပရေး ဆောင်ရွက်နေမှုများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားသည်။
နှစ်ရှည်ပင် ၁၀၀၀ စိုက်ပျိုး
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စု ဝန်ကြီး၊နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ပေါင်းလောင်း ရေလှောင်တမံအနီးရှိ သတ်မှတ်နေရာများတွင် ရတနာတန်းဝင်ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ယမနေ စသည့် နှစ်ရှည်ပင် ၁၀၀၀ ကို စိုက်ပျိုးခဲ့ကြသည်။
ရှင်သန်ဖြစ်ထွန်း
ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်း ကျင် ဂေဟစနစ်ကို ပြန်လည်အားဖြည့် ထိန်းသိမ်းရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က နှစ်စဉ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကို ကျင်းပ ရာ ယမန်နှစ်က လယ်ဝေးမြို့နယ် ချောင်းမငယ် ရေလှောင်တမံအနီးတွင် စိုက်ပျိုးခဲ့သော ရတနာတန်း ဝင်ကျွန်း၊ မဟော်ဂနီ၊ ပိတောက်နှင့် တမလန်း စသည့် နှစ်ရှည်ပင်(၁၀၀၀)တွင် ၉၈ ရာခိုင်နှုန်း ကျော်မှာ ရှင်သန်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်



