နေပြည်တော် ဇွန် ၁၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းကျောင်း၌ ဆောင်ရွက်လျက် ရှိသည့် မှော်ဘီမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်၏ မဲစာရင်းအခြေခံ လူဦးရေစာရင်း မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက် နေမှုကိုလည်းကောင်း၊ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးစင်တာ၌ ဆောင်ရွက်လျက်ရှိသည့် ရွှေပြည်သာမြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၏ မဲစာရင်းအခြေခံလူဦးရေစာရင်း မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို လည်းကောင်း သွားရောက် ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
လူဦးရေစာရင်း စစ်ဆေးဆောင်ရွက်
အဆိုပါ မဲစာရင်းအခြေခံလူဦးရေစာရင်း မြေပြင်တိုက်ဆိုင်စစ်ဆေး ခြင်းလုပ်ငန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အစီအစဉ်ဖြင့် မင်္ဂလာဒုံမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းကျောင်း နှင့် သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစင်တာတို့တွင် အခြေစိုက်စခန်း ( ၂ )ခု ဖွင့်လှစ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စု နယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ထုတ်နုတ်ကော်မရှင်ဝန်ထမ်းအင်အား ၁၉၄ ဦးတို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးမှ ဆောင်ရွက်ရန်ကျန်ရှိသည့် မြို့နယ်များ၏ မဲစာရင်းအခြေခံ လူဦးရေစာရင်းများအားလည်း ဆက်လက်စစ်ဆေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



