နေပြည်တော် ဇွန် ၁၈
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ဆက်လက် ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌ(၁) ခွန်ထွန်းတင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ခွန်မင်းသိန်း၊ ဗဟိုကော်မတီဝင် ခွန်ဇွဲထိုရ်တို့ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့တွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း (၁/၂/၃)ပါ သဘောတူညီချက်များ နှင့် ပတ်သက်၍ လည်းကောင်း၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေး ရန် ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေး ရန်အချက်များနှင့် ပတ်သက်၍ လည်း ကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ လေ့လာဆန်းစစ် ဖော်ထုတ်စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက် များကို လည်းကောင်း ညှိနှိုင်းရေး ကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြသည်။
ထို့နောက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများကို နှစ်ဖက်ဆွေးနွေး ညှိနှိုင်းကြပြီး သုံးရက်တာ ဆွေးနွေးညှိနှိုင်း ချက်များအရ သဘောတူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းနောက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌ (၁) ခွန်ထွန်းတင်နှင့် နိုင်ငံ တော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားကြပြီး ပြန်ကြားရေးဝန်ကြီး ဌာနမှ ထုတ်ဝေသည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်း အနားစာအုပ်၊ မှတ်တမ်းစာအုပ်များ၊ ခေတ်နှင့်အညီ ပြန်လည်ပြုစုထားသည့် မြန်မာ့စွယ်စုံကျမ်း (အတွဲ-၁) နှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်



