ဘာလင် ဇွန် ၁၇
ဂျာမနီနိုင်ငံရှိ စားသောက်ကုန်လုပ်ငန်းများသည် အီးယူ အဖွဲ့အစည်းများက ဆွေးနွေးဆုံးဖြတ်ချမှတ်ထားသော Corporate Sustainability Reporting Directive (CSRD) နှင့်ပတ်သက်၍ တင်ပြ ရမည့်အစီရင်ခံစာများကို လက်ရှိအကျပ်အတည်းကာလ အခြေအနေ များကြောင့် ကာလတိုးမြှင့်သတ်မှတ်ပေးရန်နှင့် SMEs လုပ်ငန်းများကို ကင်းလွတ်ခွင့်ပေးရန် တောင်းဆိုထားကြောင်းသိရသည်။ CSRD နှင့် ပတ်သက်၍ စားသုံးသူများ၊ ရင်းနှီးမြှုပ်နှံသူများ၊ သတင်းမီဒီယာများနှင့် နိုင်ငံရေးလေ့လာသူများက ဂျာမန်စားသောက်ကုန် လုပ်ငန်းများအနေ ဖြင့် ပွင့်လင်းမြင်သာမှုရှိသော ကြိုးပမ်းဆောင်ရွက်မှုများထွက်ပေါ်လာရန် မျှော်လင့်ထားရှိကြသည်။
Federal Association of the German Food Industry (BVE) ၏ မန်နေဂျင်းဒါရိုက်တာနှင့် ဘရပ်ဆဲလ်ရုံး အကြီးအကဲ Ms.Stefanie Sabet က ဂျာမန်စားသောက်ကုန်လုပ်ငန်းများသည် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ကာလအတွင်း စိုက်ပျိုးရေးဆိုင်ရာ ကုန်ကြမ်းပစ္စည်းများ၊ ထုပ်ပိုးမှုလုပ်ငန်း၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် စရိတ်ကြီးမြင့်မှုဒဏ်ကို ခံခဲ့ကြရပြီး ယခုအခါ ရုရှား-ယူကရိန်း ပဋိပက္ခ ကြောင့် ထပ်မံ၍ ကုန်ကြမ်းများပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှုတို့ကို ဆက်လက်ကြုံတွေ့နေရကြောင်း၊ အစိုးရအနေဖြင့် ဈေးကွက်ဝင်ရောက် မှု ဖြေလျှော့ပေးမှုနှင့် စားသောက်ကုန်လုံခြုံစိတ်ချရမှုတို့ကို ချမှတ် ဆောင်ရွက်သင့်ကြောင်း၊ ကုန်ကြမ်းဝယ်ယူစရိတ် ကြီးမြင့်ခြင်းအပြင် စွမ်းအင်ရရှိမှု အခက်အခဲများရှိကြောင်း ပြောကြားသည်။
ဂျာမန်စားသောက်ကုန်လုပ်ငန်းကဏ္ဍသည် ဂျာမနီနိုင်ငံတွင် စတုတ္ထအကြီးဆုံး စီးပွားရေးလုပ်ငန်းဖြစ်ပြီး နှစ်စဉ်အရောင်းဝင်ငွေ ယူရို ၁၈၁ ဘီလီယံ ရှိသည်။ ကုမ္ပဏီပေါင်း ၆၁၀၀ ခန့်က လုပ်သား အင်အား ၆၁၀၀၀၀ ကျော်ဖြင့် အရည်အသွေးမြင့် စားသောက်ကုန်များကို ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိသည့်အပြင် ၉၀ ရာခိုင်နှုန်းခန့်မှာ အလတ်စား လုပ်ငန်းများဖြစ်ကြသည်။
သတင်းရင်းမြစ်များ
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူး များ၏ ပေးပို့မှုအချက်အလက်များ။
ခင်ရတနာ စုစည်းဖော်ပြသည်၊၊



