နေပြည်တော် ဇွန် ၁၇
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီး ဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင် များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့်
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဒုတိယဥက္ကဋ္ဌ(၁) ခွန်ထွန်းတင်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) ခွန်မင်းသိန်း၊ ဗဟိုကော်မတီဝင် ခွန်ဇွဲထိုရ်တို့ တက်ရောက်ကြသည်။
အပြန်အလှန်ဆွေးနွေး
တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဒုတိယဥက္ကဋ္ဌ(၁) ခွန်ထွန်းတင်တို့က နှုတ်ခွန်းဆက် အမှာစကား ပြောကြားကြပြီး တက်ရောက်လာကြသူ များက ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ် များကို အပြန်အလှန်ဆွေးနွေးကြကာ တွေ့ဆုံ ဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားလိုက်သည်။
ဆက်လက်ကျင်းပသွားမည်
တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ဇွန် ၁၈ ရက် တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်



