နေပြည်တော် ဇွန် ၁၆
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း များကို စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုမှတစ်ဆင့် ပုံမှန် ဆောင်ရွက်လျက်ရှိရာ ယခုနှစ် မေလကုန်ကာလ တွင် ယခင်အလားတူကာလ ကုန်သွယ်မှုထက် အနည်းငယ် မြင့်တက်လာခဲ့သည်။
အဆိုပါ ကုန်သွယ်ရေးစခန်းနှစ်ခုမှ ဧပြီလ အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၆ သန်းဖိုး ကုန်သွယ်မှု ပြုလုပ်ခဲ့သော်လည်း မေလအတွင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၆ သန်းခန့် ကုန်သွယ်မှုပြုလုပ်ခဲ့သဖြင့် ယခင်လထက် ပို့ကုန် ဒေါ်လာ ခုနစ်သိန်းကျော်ခန့် ကုန်သွယ်မှုပိုမိုခဲ့သည်။
မေလအတွင်း၌ ဘင်္ဂလားဒေ့ရှ်နယ်စပ် တက္ကနဖ် ဆိပ်ကမ်းသို့ မြန်မာဘက်မှ ပို့ကုန် တန်ချိန် ၇၃၁၀ မက်ထရစ်တန် (အမေရိကန်ဒေါ်လာ ၃၅၆၅၇၀၈ဖိုး) ကုန်ပစ္စည်း တင်ပို့ခဲ့ပြီး သွင်းကုန်စုစုပေါင်း ဒေါ်လာ ၉၅၄၀ ဖိုး တင်သွင်းခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်စက်မှုအသင်းချုပ်မှ သိရှိရသည်။
ရေထွက်ပစ္စည်းပို့ကုန်မှာ ဒေါ်လာ ၁ ဒသမ ၉ သန်း ကျော်ဖိုး တင်ပို့ခဲ့ပြီး မေလကုန်သွယ်မှု ပို့ကုန် ပမာဏ၏ ၅၅ ရာခိုင်နှုန်းခန့် တင်ပို့နိုင်ခဲ့သည်။ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများရှိ မွေးမြူ ရေးကန်ထွက် ငါးတစ်မျိုးဖြစ်သော ငါးမြစ်ချင်း ငါးတင်ပို့မှုမှာ တန်ချိန် ၁၅၀၀ ကျော်၊ (ဒေါ်လာ ၁ ဒသမ ၈၁ သန်းတန်ဖိုး) တင်ပို့နိုင်ခဲ့ပြီး ရခိုင်ဒေသ ထွက် ကွမ်းသီး၊ လဲမှို့၊ အုန်းသီး၊ တညင်းသီး၊ ငါးမုတ်၊ ငါးနီတူခြောက်၊ ငါးစုံကလေးခြောက်၊ ငါးကုန်း ညိုခြောက်တို့အပြင် တံမြက်စည်းအကြမ်းနှင့် စစ်တုံဥတို့ကိုလည်း တင်ပို့နိုင်ခဲ့သည်။
မြန်မာနိုင်ငံ၏ အခြားတိုင်းနှင့်ပြည်နယ်များမှ ထွက်ရှိ/ထုတ်လုပ်သော ဆီးယိုထုပ်၊ ချင်း(အစို)၊ ကြက်သွန်၊ ကုလားပဲ၊ ဆီးသီးခြောက်၊ မန်ကျည်းစေ့၊ ဖိနပ်၊ ချည်လုံချည်၊ သနပ်ခါး၊ ကော်ဖီ၊ နေကြာစေ့ နှင့် ခေါက်ဆွဲခြောက်တို့ကိုလည်း တစ်ဖက်နိုင်ငံ နယ်စပ်သို့ တင်ပို့ဆောင်ရွက်လျက်ရှိသည်။
သွင်းကုန်ပမာဏ အနည်းငယ်သာဆောင်ရွက် နိုင်ပြီး စစ်တွေကုန်သွယ်ရေးစခန်းသို့ တီရှပ်အထည် ၅၀၀၀ (တန်ဖိုး ဒေါ်လာ ၇၅၀) နှင့် မောင်တောနယ်စပ် စခန်းသို့ ဒန်ရေအိုးခွက်၊ PVC ပိုက်ရွယ်စုံ၊ ပလတ် စတစ် ရေတိုင်ကီနှင့် လက်နှိပ်ရေတုံကင်များပါဝင် သော ဒေါ်လာ ၈၇၉၀ တန်ဖိုးရှိ ပစ္စည်းများကို မေလ အတွင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။
ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ပို့ကုန် လုပ်ငန်းရှင်များ ကြုံတွေ့နေရသော လက်ရှိ ကုန်သွယ်မှုဆိုင်ရာအခက်အခဲများကို ရခိုင်ပြည်နယ် ကုန်သည်စက်မှုအသင်းက သက်ဆိုင်ရာဌာနများ နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ပို့ကုန်/သွင်းကုန်လုပ်ငန်း ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များကိုလည်း ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ကိုရိုး၊ ဓာတ်ပုံ- Yin San



